ကိုယ်တိုင်ဖျက်ကဗျာ

ဂျီတော့မက်ဆေ့ခ်ျမှာ ကျမက စိတ်ထဲပေါ်လာသမျှ သီချင်းလေး၊ ကဗျာလေး ရေးလေ့ရှိပါတယ်။ အဲ့မှာ ခုတလော ရှေးကဗျာလေးတွေကို လျှောက်ဖျက်ပြီး ရေးတင်ပါတယ်။ အဲဒါကလည်း ကျမက ရှေးက ကဗျာဆရာကြီးတွေကို ပြောင်လှောင်ချင်တဲ့ သဘောမဟုတ်ပါဘူး။ တကယ်က အဲဒီမူရင်း ကဗျာ လေးတွေကို ကျမ သိပ်ကို ချစ်ပါတယ်။ အဲဒီကဗျာလေးတွေကို ချစ်လွန်းလို့ သတိတရ ရွတ်ဆိုမိနေတာနဲ့ ကိုယ့်ဘာသာ လျှောက်လုပ်မိတာပါ။

အဲဒါတွေကို ဂျီတော့ မက်ဆေ့ခ်ျ (ကိုယ့်ပိုင်နက်ထဲ) တင်မိတော့ သဘောကျတဲ့သူတွေက ယူရေးကြပါတယ်။ တကယ်က ဒါ တခုတ်တရ ပြောရမယ့်ကိစ္စမဟုတ်ပါဘူး။ သို့သော် ဒီမနက်မှာတော့ ကျမရဲ့အရင်ပို့စ်က ကွန်မန့်ထဲမှာ “အန်တီချမ်း” က ဝင်ရေးထားတာလေး တွေ့လို့ စိတ်ကူးပေါ်ပြီး ဒီစာကိုရေးဖြစ်တာပါ။

ကျမက ဆရာကြီး မင်းသုဝဏ်ရဲ့ လယ်တောကအပြန် ကဗျာကို ဖျက်ပြီး ရေးထားမိတယ်။


လယ်တောကအပြန်

စားချင်တယ် ကျော်စံကေး ဆိုလို့

မောင်ရိုက်ကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့

ဂုဏ်တင့်တယ်လေး .. ။ ။ ဆိုပြီး ရေးတင်ထားတာပါ။

အဲဒါကို ညီမတော် ဆုမွန်ကတွေ့ပြီးသဘောကျတယ်နဲ့ တူပါရဲ့ .. သူ့မက်ဆေ့ခ်ျမှာ တင်ထားပြန်ရော။ အဲဒါကို ခုနင်က အန်တီချမ်းက တွေ့ပြီး သဘောထပ်ကျပြန်တယ်။ အဲဒါသူက ကျမဘာသာ စပ်ထားတာ ထင်ပြီး သူ့စာ မျက်နှာပေါ်တင်ဖို့ လာခွင့်တောင်းပါတယ်။

အပေါဂိုဏ်းချုပ်ထိပ်ခေါင် မမတူးတူးသာ ခင်ဗျား
ဒီနေ့ နေ့လယ်က မဆုမွန် က သူ့ဂျီတော့ခ် ရဲ့ မက်စေ့ခ်ျ မှာ အမ ရေးထားတယ်ဆိုတဲ့ စာလေး တပိုင်းတစ ကိုတင်ထားပါတယ် အဲဒါလေးကို ကျတော် က မြင်ပြီးသကာလ ဘာမှန်းမသိ ညာမှန်းမသိ နဲ့ ကောက်ပြီးလက်တန်းလေး ဒီလိုဆက်စပ်ထားပါတယ် အစကတော့ ဦးမွန် (မဆုမွန် ကိုကျတော်ခေါ်တာပါ) ရေးတာထင်လို့ပါ ပြီးတော့ ဆက်စပ်ပြီးမှ ဦးမွန်က မဟုတ်ဘူးအမ ရေးထားတာ လို့ပြောပြပါတယ် အဲဒါလေး ကျတော် ပေ့ဂ်ျ မှာတင်ချင်တာ အမ ရဲ့ ခွင့်ပြုချက်လိုချင်လို့ပါ ကဗျာ က ဒွေးချိုးလိုလို ဘာလိုလို ဖြစ်သွားပါတယ် အမ သဘောမတူရင်တော့ မတင်ပါဘူးခင်ဗျာ...
(ဒါက သူရေးထားခဲ့တဲ့အတိုင်း မူရင်းပါ)

အဲဒီမှာ ကျမတခုစဉ်းစားမိတယ်။ သူတို့ ဒီကဗျာ မူရင်းလေးကို မသိဘူး ထင်တယ် … သိချင်လည်း သိကြမယ်။ ဒါပေမယ့် မသိတဲ့ မောင်ညီမလေးတွေပါ သိရအောင် ကျမ တင်ပေးသင့်တယ်ဆိုတဲ့ အတွေးပါ။


လယ်တောကအပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင်တယ်လေး .. ။ ။ ဆိုတဲ့ အချစ်ကဗျာလေးပါ။ တူတော်မောင် ထူးမြတ်စကားနဲ့ ပြောမယ် ဆိုရင် ဓနရှင် ဘက်ကို အလေးသာသွားတဲ့ ချစ်သူကို ထေ့တာပေါ့။

အင်း .. အဲဒါနဲ့ မပြီးဘူး .. ကျမဘာရေးရေး ဘာလုပ်လုပ် အမြဲကောင်းတယ် ဆိုပြီး မြှောက်ပေးနေကျ မောင်လေး သင်ကာကလည်း (ဒင်းက ရီဆာ့ချာ လုပ်ချင်သူထင်ပါ့ .. ဘာမေးမေးရတဲ့ ဗဟုသုတ ဟင်းလေးအိုးပေါ့) ကျမဆီ ဒီကဗျာနဲ့သက်ဆိုင်တဲ့ ကဗျာလေး တပုဒ်ပို့ပေးပြန်တယ်။ အဲသဟာကတော့ ကျမလည်း လုံးဝမသိပါဘူး။ ကျမ အလွန့်အလွန်လေးစားအတုယူ ချစ်ခင်ရတဲ့ ဆရာကြီး သွေတာဆော် (သော်တာဆွေ) က ကျမမမွေးခင် ကတည်းက ဒီကဗျာကို ဖျက်ပြီးနေတာပါ။ အဲဒါကို သင်ကာကောင်ပြောမှပဲ ကျမသိတယ်။ အဲဒီ ကဗျာလေး ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်တုန်းဆီက
ချက်ကြီးကယ်မြင်တော့
ဝက်နံကင်ရယ်နှင့်
မြည်းလိုက်ချင်သေး
။ ။

ဆရာကြီးကလည်း အဲဂလို ကဗျာတွေကို အတော်များများ ဖျက်ဖူးတယ်လို့ ဆိုပါတယ်။ ကျမနဲ့ စိတ်ကူးတူနေလို့ အရမ်းကို ဂုဏ်ယူရပါတယ်။ ကျမကလည်း သူများပဲဖျက်ဖျက် ကိုယ့်ဘာသာပဲဖျက်ဖျက် .. ဖျက်ရရင်ကို ကြိုက်တာ ဆိုတော့လေ .. ။ အဲလိုလုပ်လို့ ကဗျာဆရာတွေကို စော်ကားခြင်း ပြောင်လှောင်လိုခြင်း အလျင်း မရှိဘူး ဆိုတာ ကြိမ်တွယ်ပြောရဲပါတယ်။ တကယ်လို့ အဲဒီစကားမှန်ခဲ့ရင် သော်တာဆွေလောက် စာရေး ကောင်းပါစေ :P နောက်လည်း ထပ်ဖျက်ဖို့ စီစဉ်ထားတာတွေရှိလို့ ကြိုပြောထားတာပါ။ ရေးရင်းနဲ့တောင် တခုသတိရသွားပြီ ....။

ချိုးနှစ်ကောင်

ထနောင်းပင်ညီနောင်က လွမ်းအောင် ကူချွဲ

ဂွကိုရှာ

မဆလာနိုင်နိုင်အုပ်ပါလို့

ဘီယာနဲ့ ဟဲ ..။ ။

စကားကြုံလို့ ပြာလောင်ကာတွန်းထဲက ရှာဖွေတွေ့ရှိတဲ့၊ ဖျက်ထားတဲ့ ကဗျာလေးတပုဒ်ပါ အဆစ်ထည့် ပေးလိုက်ပါတယ်။ ဒီကဗျာလေးက သူငယ်တန်း သင်ရိုးထဲက ကဗျာလေးပါ။ ဘယ်သူရေးလည်းတော့ မသိပါ။

တောင်တောရယ်သာ

မာလာက နုထွတ်

တပင်ကိုနှစ်ပင်ရွှတ်တယ်

ငှက်တွေက ပြွတ် .. ။

အဲဒီကဗျာလေးဆိုရင် ကြိုက်လွန်းလို့ မူရင်းတောင်မေ့နေပြီ :P

နင်လားဟဲ့ ရှိုင်းဟုတ် .. ငါလားဟဲ့ တူးတူးသာ

တကယ်ဆိုရင်တော့ ဒီတခါရေးတဲ့ ကမောက်ကမက အင်တာဗျူးဂျာနယ်က ထွက်တဲ့အကြောင်း ဖြစ်ရမှာ … ။ ဒါပေမယ့် တလောကမှ တခုသတိရသွားတာနဲ့ မထွက်သေးခင် ကြုံရတဲ့ ထူးထူး ခြားခြား အင်တာဗျူး တပုဒ်အကြောင်း ရေးပါဦးမယ်။ နောက်တခေါက်မှ ထွက်တာပေါ့လေ :P

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၉

အဲဒီကာလ ၂၀၀၁ ဆန်းလောက်မှာ .. အလင်္ကာ ဂျာနယ်ကို တခုတ်တရ ဖတ်သူတွေကတော့ မှတ်မိကြပါလိမ့်မယ်။ ထူးထူးခြားခြား ကြော်ငြာတခု ပါလာပါတယ်။ အဲဒါကတော့ ကုမ္ပဏီတခု နာမည်နဲ့ .. (အဲဒီကုမ္ပဏီနာမယ် မှတ်မိပေမယ့် ကျမ ထည့်မရေးတော့ပါဘူး) အကြောင်းအရာက “သီချင်းတွေဝယ်မယ်” ဆိုပဲ။

ဒီလိုပါ .. မြန်မာပြည် အနယ်နယ်အရပ်ရပ်က သီချင်းရေးကြတဲ့ ရွက်ပုန်းသီးတွေရှိနေရင် အဲဒီ ကုမ္ပဏီက တလတခါ ဝယ်ပါမယ်။ ဝယ်တဲ့သီချင်းအတွက် သီချင်းခ တပုဒ်ကို ကျပ် တသောင်း ရပါမယ်။ ဝယ်ပြီးတဲ့ သီချင်းတွေကိုလည်း ဆီးရီးထုတ်ပေးပါမယ်။ “သီချင်း” ဆိုတဲ့အသံ ကြားတော့ ကျမ အတော်လေး စိတ်ဝင်စားသွားတယ်။

ကုမ္ပဏီပိုင်ရှင်တွေကိုလည်း တော်တော်လေးစားသွားတယ်။ ဝါသနာအလျှောက် သီချင်းတွေ ရေးပြီး ဒီတိုင်း ဘာမှ မလုပ်ဖြစ်ဘဲ နေနေရတဲ့ .. ဘယ်ကဘယ်လို စရမှန်း မသိတဲ့သူတွေ အတွက် အခွင့်အရေး တရပ်ပဲလေ။ အဲဒီမှာ စပ်စပ်စုစု ကျမလည်း အင်တာဗျူးလုပ်ဖို့ စတင် ပြင်ဆင် ပါတော့တယ်။

အဲဒီကုမ္ပဏီကနေ ဒီနေ့ သူများနဲ့မတူ တမူထူးခြားတဲ့ သီချင်းတွေနဲ့ နာမည်ရနေတဲ့ တယောက်ကို စီးရီးထုတ်ပေးထားကာစပါ။ အဲဒီစီးရီးကလည်း သူများနဲ့မတူတဲ့အတွက် အတော်အောင်မြင်တယ် လို့ပြောရမယ်။ ကုမ္ပဏီ ပိုင်ရှင်က နိုင်ငံကျော် အဆိုတော် အကယ်ဒမီ မင်းသမီးကြီး တယောက်ရဲ့ ညီမပေါ့ .. သူ့ ယောက်ျားကလည်း ဘေ့စ် ဂစ်တာသမားပါ။

သူတို့ကုမ္ပဏီက တာမွေပလာဇာမှာပါ။ အဲဒါနဲ့ ကျမလည်း အင်တာဗျူးအတွက် ပြင်ဆင်ပါတယ်။ ပြင်ဆင်ပြီး သူ့ကိုချိန်းတော့ လာခဲ့ဖို့ပြောတာနဲ့ .. မနက် ရုံးမသွားခင် ဝင်သွားလိုက်ပါတယ်။

သူနဲ့တွေ့ရော ဆိုပါတော့ ..။ အဲဒီအမျိုးသမီးက ကျမရဲ့ အင်တာဗျူးကို စိတ်ရှည်လက်ရှည် ဖြေပါတယ်။ အဓိကကတော့ လူငယ် ရွက်ပုန်းသီး တေးရေးတွေကို မြေတောင် မြှောက် ပေးမှာ ဖြစ်လို့ .. သူတို့ လုပ်ငန်းကြီးကို ဘယ်အခြေအနေထိ ရည်မှန်းထားတယ် ဆိုတာတွေ ပြောပါတယ်။ သူက စကားပြောလည်းကောင်းပါတယ်။

အလင်္ကာ ဂျာနယ်ကနေတဆင့် သီချင်းတွေကို ဝယ်ပြီး ..ဘယ်သူ့သီချင်းတွေ ဝယ်တယ်ဆိုတာ လည်း လစဉ်ဖော်ပြပေးနေတယ်။ လူငယ်တွေထဲက သီချင်းရေး ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းပေါ့။ ကျမလည်း အတော်ဝမ်းသာပါတယ်။ ဘာလို့ဆိုတော့ ကျမတို့ လင်မယား အပါအဝင် ကျမတို့ သူငယ်ချင်းတွေထဲမှာ အဲဒီပိုးတွေ ရှိတာကိုး (ငါတို့ သီချင်းလေးတွေလည်း ပို့ကြည့်ဦးမှလို့ စိတ်ထဲက တေးထားလိုက်သေးတာ ဟီဟိ)

ပြောရင်းပြောရင်းကနေ ဘာတွေရောက်သွားလဲ ဆိုတော့ သူတို့ လင်မယား နှစ်ယောက်ဟာ ဂီတကို ဘယ်လို ဝါသနာပါကြောင်း .. သူဆိုရင် အသံ ဘယ်လိုကောင်းကြောင်း .. သူ့အစ်မ နိုင်ငံကျော် အဆိုတော်ကြီးနဲ့ အသံတူလွန်းလို့ လိုက်ကာနောက်မှာဆိုရင် လူမှားကြောင်း (လိုက်ကာရှေ့တော့ ထွက်လို့မရဘူး ဟိုက မင်းသမီး .. သူက အတော်လေး မည်းတယ်)

တခါတလေများ .. သူ့အစ်မ ဆိုရမယ့် ဇာတ်ဝင်တေးတွေဘာတွေ သွင်းဖို့ဖြစ်ဖြစ် မြန်မာ့ အသံမှာ ဆိုရဖို့ပဲ ဖြစ်ဖြစ် .. တပြိုင်ထဲ ၂ နေရာ လက်ခံထားမိလိုက်ရင် လူလုံးမပြရတဲ့ နေရာမျိုးမှာ သူက လူစား ဝင်ဆိုပေးရ ဆိုပဲ။ ကျမမှာ “ဒီလိုကိစ္စမျိုးတွေရှိလား” ဆိုပြီး ပါးစပ်ကလေး အဟောင်းသား ပေါ့။

ကျမက အင်တာဗျူးပါး မဝသေးတော့ စကားကို ဘယ်နေရာမှာ ဘယ်လိုဖြတ်ရမယ်ဆိုတာ မသိသေးဘူးလေ (နောက်တော့လည်း အတော်ကျွမ်းသွားပါတယ်။ ဂလိုပဲ အလုပ်ကသင်တယ် ဆိုရမှာပေါ့)

သူ့စကားကျောက သီချင်းကနေ တမျိုးပြောင်းသွားပါတယ်။ အဲဒီတမျိုးက တော်တော်ဆိုးတဲ့ တမျိုးပါ။ ရှိုင်းဟုတ် လင်ဇီးဆိုတာကို သိကြလားမပြောတတ်ဘူး။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်လောက်က ခေတ်စားခဲ့တဲ့ လိမ်နည်းတမျိုးပေါ့ (အဲ့လိုပြောလို့ နာတဲ့သူတွေရှိရင်လည်း အဲဒီလူ များကို ရည်ရွယ်တယ်လို့မှတ်ပါ)

အဲဒီဆေးက ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြင် အေအိုင်ဒီအက်စ် ကိုပါ ပျောက်နိုင်သတဲ့။ ၉၆ ပါးထဲ အေအိုင်ဒီအက်စ် မပါလောက်ဘူး ထင်ပါတယ်နော်။ အဲဒီဆေးဟာ မီဒီယာတွေ၊ ဂျာနယ်တွေ မှာ မကြော်ငြာစရာ မလိုလောက်အောင် ကောင်းတယ်ဆိုပဲ။ တိုတိုပြောရရင် ဒီ ဆေးကောင်း မကောင်း ဆိုတာထက် .. ဒီဆေးကို ရောင်းဖို့ လူရှာတဲ့အလုပ်ပါ။

ဘယ်သူ့ယောက္ခမရဲ့သူငယ်ချင်း ဘယ်သူဌေးကဖြင့် ကင်ဆာရောဂါကို ဘယ်လို အမြစ်က ပြတ်သွားတာ၊ ဒီဆေးကို စွဲသောက်ရင်းနဲ့ ဘယ်လိုရောဂါတွေ စင်တာဆိုပြီး မစားရ ဝမခန်း ကြော်ငြာရတယ်။ အဲဒီဆေးက အတော်လည်း ဈေးကြီးတယ်။ အဲဒီအချိန်က သိန်း ဆယ်ဂဏန်း ဖိုးလောက် ဝယ်သောက်ရပါတယ် (ပျောက်တယ် ဆိုတဲ့သူကို ဘယ်သူမ မမြင်ဖူးဘူး၊ ကြားပဲ ကြားဖူးကြတာပါ။ တယောက်ကတယောက် တဆင့်ပေါ့)

အဲဒီဆေးကို ကြော်ငြာတဲ့သူက လူတွေကို စိတ်ပါလာအောင် ဆွယ်ရပါတယ်။ တယောက်က ၂ ယောက်ကို ဆွယ် .. နောက် ၂ ယောက်က ၄ ယောက်ကို ထပ်ဆွယ် .. ဒီလိုနဲ့ ပွားရပါတယ်။ လူများများ ဆွယ်နိုင်လေ အဆင့်မြင့်လေပေါ့။ ဘယ်အဆင့်ရောက်ရင် လစာ ဘယ်လောက် ရမယ်၊ ဘယ်အဆင့်က မာစီဒီး စီးရမယ် ဆိုတာတွေလည်း ပါပါတယ်။

ကျမပါ အဲဒီရှိုင်းဟုတ်ရဲ့ လင်ဇီးဆေးအကြောင်း ကြော်ငြာသလိုဖြစ်နေပြီလားမသိဘူး။ ဒီလိုပါ .. ခုဏက ကျမအင်တာဗျူးတဲ့ အန်တီတို့ လင်မယားက အဲဒီ ရှိုင်းဟုတ်အဖွဲ့မှာ အတော်လေး အဆင့်မြင့်ရာထူး ရထားသူတွေပါပဲ။ သူ့ဘာသာသူ အဆင့်မြင့်မြင့် အတွင်းအားပဲရရ ကျမနဲ့ မဆိုင် ပေမယ့် သူတို့အဖွဲ့ဝင်ဖို့ ကျမကိုဆွယ်တာကျတော့ အတော်လေး ဆိုင်နေပါပြီ။

အဲဒီဆေးအကြောင်းက ကျမလည်းအတော်လေး သိထားပြီးပြီ။ ကျမသူငယ်ချင်းတချို့ .. ညီအစ်မ ဝမ်းကွဲတချို့ တောင် အဲဒီအလုပ်ထဲ မျောပါနေခဲ့ပြီ ..။ သိပေမယ့် ကျမကို စာရွက်တွေချရှင်းနေတဲ့ သူ့ကို ငြင်းဖို့ကျတော့ ကျမအားနာနေပါတယ်။ ကျမ နာရီကို တကြည့်ကြည့်လုပ်ရင်း အလုပ် သွားချင်နေပေမယ့် ထိုင်ရာကလည်း မထရဲသေးဘူး။ အားနာတဲ့အမှု (စာနယ်ဇင်းပါး မဝသေးတာ လည်း ပါတယ်)

သူကတော့ စိတ်ပါလက်ပါနဲ့ ကျမကို ၁ နာရီနီးပါးလောက် ဆွယ်တရားဟောပါတယ်။ သူတို့ရဲ့ ဟောပြောပွဲကိုလာဖို့လည်း ဖိတ်ပါတယ်။ တော်ရုံလူဆိုရင်တော့ ကြွေသွားလောက်ပြီ။ ကျမ ကတော့ အစကတည်းက အဲဒါကိုသိပြီး လုံးဝ စိတ်မဝင်စားတဲ့သူမို့လို့ သူ့စကားကို အားနာပါးနာ ထိုင်နားထောင် နေရုံကလွဲပြီး စိတ်ညစ်နေရုံပါပဲ။ အလုပ်ကလည်း သွားချင်နေပြီ။

အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ရောက်လာပါတယ်။ ကံကောင်းစွာနဲ့ သူ့ဆီကိုဧည့်သည် အမျိုးသမီး တယောက် လာတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး (အဲ့ကနေစပြီး ဘယ်လို ရှောင်ရ တိမ်းရမယ်ဆိုတာ သိတာပဲ) နှုတ်ဆက် ထလစ်ခဲ့တာပါ။

ရုံးကိုရောက်တာနဲ့ သူ့အင်တာဗျူးကိုရေး .. ဂျာနယ်မှာ နောက်တပတ် ထည့် .. ပြီးတော့ ဘာမှ မကြာဘူး အလင်္ကာက လစဉ်ပါနေကျ သီချင်းဝယ်တဲ့ အစီအစဉ်လည်း ဘာသံမှ မကြားရတော့ဘူး .. ၊ တာမွေပလာဇာက သူ့ရုံးခန်းလည်း ဘာဖြစ်သွားတယ်မသိဘူး။ အဲ … နောက်တော့ ဘာတွေ ဖြစ်ကုန်မှန်းကို မသိပါဘူး။

အင်း မြန်မာပြည်မှာ သမားရိုးကျ မဟုတ်တာတွေ ထထ မလုပ်နဲ့ … လို့ သတိပေးလိုက်သလိုပဲ။ ကျမလည်း သင်္ခန်းစာအသစ်တွေ ရလို့ပေါ့ … ။

ဟီဟိ .. အချုပ်ဆိုရရင် .. ကျမတို့လည်း သီချင်း ၃ ပုဒ် ရောင်းဖို့ သွားပေးထား လိုက်သေးတယ်။ အစတောင် ရှာမရပါဘူး .. ကမောက်ကမ နိုင်လိုက်ပုံများ ဆိုတာ ..။ ။


အင်္ဂါသား .. အထွန်းဘွား …

မရေးတာလည်း ကြာပြီ။ လာလာ အော်ကြသူတွေကိုလည်း အားနာလှပြီ။ ကိုင်း ရေးပြီ။ ရေးမယ့်ရေးတော့လည်း အရှည်ကြီးလို့ ပြောကြနဲ့။ တကယ်ကို ရေးပါပြီ။ တချက်ခုတ် နှစ်ချက်ပြတ် .. ဇာတ်လမ်းတော်ကြီးကို ဖတ်ကြည့် ကြပါဦး .. ။

အမှတ်တရ ရက်စွဲများ ၇

၂၀၀၀ ပြည့်နှစ် ဇွန်လရဲ့ အစောပိုင်းကာလတွေမှာ နေ့စေ့လစေ့ဖြစ်ပြီမို့လို့ ဝမ်းဆွဲဆရာမက အိမ်မှာ ငြိမ်ငြိမ် လေး နေခိုင်းပေမယ့် မေမေက တစက်မှ အငြိမ်နေတဲ့သူမဟုတ်ဘူး သားကြီးရဲ့။ မေမေ့ ဝမ်းထဲ လွယ်ထားရ တဲ့ကောင်က ယောက်ျားလေး မို့လို့လားမပြောတတ်ဘူး။ သွားလိုက် တာ ဆိုတာ တမြို့လုံးကို ပြဲပြဲစင်ပဲ။

သားဦး ဆိုတော့လည်း ဘာမှမသိတာတကြောင်း စိတ်ကူးတည့်တာတွေ လျှောက်လုပ်တာ တကြောင်း .. နောက်ပြီး သားအမေကိုက သူများနဲ့မတူ ကွန့်လိုက်ရမှ ဆိုတာမျိုး ဆိုတော့ ပိုဆိုးတာပေါ့ သားရာ။

သားဦးဆိုရင် အားလုံးက သည်းသည်းလှုပ် ဂရုစိုက်ကြတယ်မဟုတ်လား။ သားအဖွားက မေမေ့ကို အတော်လေး ဂရုစိုက်ပါတယ်။ မေမေချင်ခြင်းတက်သမျှ ဘာစားချင်လဲ လုပ်ပေးတယ်။ ခက်တယ် သား .. မေမေချင်ခြင်းတပ်တာကလည်း ပြန်ပြောရမှာတောင် ခပ်ရှက်ရှက်ပဲ .. သိလား။ ဘီယာချည်း သောက်ချင်နေ တာ :P

မေမေနဲ့ သားဖေဖေ ရန်ကုန်တက်ပြီး အာထရာဆောင်း သွားရိုက်ကြတော့ ကိုယ်ဝန်က ယောက်ျားလေး ဆိုတာလည်းသိရော နှစ်ယောက်သား ဘီယာဆိုင်ဝင်ပြီး တဂျား ကိုင်ခဲ့ကြ သေးတယ်သားရေ ..။ မှတ်မှတ်ရရပေါ့။

နောက်တခု ချင်ခြင်းကတော့ သားအဖေ အတော်စိတ်ညစ်ရတာပေါ့။ ဖဲရိုက်ချင်တာလေ။ ဖဲချပ်က လေးတွေများ ကိုင်နေရရင် ပျော်နေတာ။ ဖြစ်ချင်တော့ မေမေ သား ကိုယ်ဝန်ကြီးနဲ့တုန်းက သား အဖေရဲ့ သူငယ်ချင်းတအုပ်ကလည်း အားနေလိုက်တာ ဆိုတာ .. ဖဲဝိုင်းက လူပြည့်ရုံတင်မကဘူး လျှံပါထွက်တယ်။

အဲဒီတုန်းက ဦးရဲမြင့်ရယ် ဦးဆုဝေရယ်က ဂျူတီနဲ့ အလုပ်ဝင်နေကြရတာလေ .. သူတို့ ဂျူတီ ထွက် တာနဲ့ အိမ်ရောက်လာပြီ။ ဦးတိုးကြီးရယ် ဦးနှဲရယ်က နိုင်ငံခြား ထွက်ဖို့ စောင့်နေတဲ့အချိန်ပေါ့။ နောက် ဦးတရုပ်ကြီးကသင်္ဘောထွက်ဖို့ စောင့်နေတာ။ ဦးအောင်နိုင်ကတော့ သိတဲ့အတိုင်းပဲ ကျူရှင် ဆရာဆိုတော့ နေ့ခင်းအားတဲ့အချိန် ရောက်လာတာပဲ။ အမေတို့အိမ်မှာ အပျော်တမ်း ပိုကာဝိုင်းက မပြတ်ဘူးပေါ့သားရယ်။

အမေကတော့ ပင်တိုင်ပေါ့။ ဗိုက်ကြီးက အရမ်းကိုပြဲလန်ပြီး ပေါက်ကွဲတော့မယ့် ပူပေါင်းတလုံးလို ဖြစ်နေတာတောင် ကြမ်းပေါ်ထိုင်ပြီး ဖဲထိုင်ရိုက်နေတဲ့ မေမေနဲ့ သားအဖွားနဲ့က အဲဒီကာလက တကျက်ကျက်ပဲ သားရေ။ တကယ်ဆို ဗိုက်ကြီးနဲ့ထောက်ပြီး ဘယ်လိုမှ ဖဲချပ်တွေ ကောက်လို့ မရတော့တာကို ကြံဖန်ဆော့လို့တဲ့ အဖွားက ဆူလိုက်တာမှ။

နောက်ဆုံး သားအဖွား ပွဲကြမ်းတော့မှ မေမေတို့ ဝိုင်းသိမ်းတယ်။ ဒါပေမယ့် မေမေ့ချင်ခြင်းက မပျောက်တော့ ပြဿနာတက်ကော။ အဲဒီမှာ မေမေက ဘာလုပ်လဲဆိုရင် ည လူခြေတိတ်ချိန် သားအဖွားတို့ အိပ်ပျော်လောက်တော့မှ အိပ်ချင်နေတဲ့ သားအဖေကို မအိပ်ခိုင်းဘဲ အခန်းတံခါး ပိတ် ဟောလိဝုဒ် ကစားကြတာလေ။ သားအဖေဆိုတာ မေမေ့ဆန္ဒကိုလည်း မပယ်ရဲ .. အိပ်က လည်း အိပ်ချင်နဲ့ သနားဖို့တောင် ကောင်းသေးရဲ့။ ဟောလိဝုဒ်က ၂ ယောက်တည်းလည်း ကစားလို့ရတာကိုး။

မေမေကတော့ တနေကုန် လက်ဘက်ရည်ဆိုင်ထိုင်လိုက် .. သွားချင်ရာလျှောက်သွားလိုက် .. တိုက်တဲ့သူရှိရင် ဘီယာလေး ကွတ်လိုက်နဲ့ ဟုတ်နေတာပဲ။ သားအဖေရဲ့ သူငယ်ချင်းတွေ ဆိုတာ မေမေ့ကို ဆလံသတယ် (သူတို့ပေါက်ကရ လုပ်တာပဲ ရေးတာများပြီလေ။ ကိုယ်ပေါက်ကရ လုပ်တာလည်း ရေးမှ တရားမှာပေါ့ မဟုတ်ဘူးလား) အဲဒီကနေစပြီး သူတို့က မေမေ့ကို ဗိုက်ကြီး လို့ခေါ်တာ ခုထိပဲ။

ဒီလိုနဲ့ ဇွန်လဆန်းကျတော့ သားကိုမွေးမယ့်ရက် ကပ်လာပြီ။ မေမေက နည်းနည်း စတန့်က ထွင်တာဆိုတော့ သားကို အိမ်မှာပဲ ဝမ်းဆွဲဆရာမနဲ့ မွေးမယ်လို့ ဆုံးဖြတ်တယ်။ တကယ်က အဲလို လုပ်တာ တော်တော်လေး အန္တရာယ်များမှန်း နောက်မှ သိတယ် သားရေ။ သားကိုမွေးတဲ့အချိန်မှာ မေမေ့ အသက်က ၂၉ နှစ်။ ဝမ်းဆွဲဆရာမက နှစ် ၃၀ လောက် လုပ်သက်ရှိလာတာ ဆိုတော့ မေမေက စိတ်ချတယ်။

တခြားသူတွေက တားပေမယ့် မေမေက ခေါင်းအမာစားဆိုတော့ မရဘူးလေ။ တကယ်က အဲဒီအချိန်မှာ မေမေနဲ့ မတိမ်းမယိမ်း မွေးကြတဲ့ မေမေ့သူငယ်ချင်းတွေ အားလုံး သားဦးတွေ ဆိုတော့ သည်းသည်းလှုပ်ပဲ။ အိုဂျီနဲ့အပ် .. ရွှေဂုံတိုင်လို ရွှေဗဟိုလို ပိုက်ဆံ သိန်းဆယ်နဲ့ချီ ကုန်တဲ့ ဆေးခန်းကြီးတွေမှာ ခွဲမွေးကြတာကို နည်းနည်း ရွဲ့ချင်တာလည်း ပါတာပေါ့လေ။ အဲဒီအတွက် တော့ မေမေ့ကို ခွင့်လွှတ်ပါသားရယ်။ သားကိုမွေးစရိတ်က ၃ ထောင်ပဲ ကုန်ခဲ့တာလေ J

သားရဲ့ဂျူးဒိတ်က ဇွန် တတိယအပတ်လောက် ပြောပေမယ့် မေမေ့စိတ်ထဲမှာ ဇွန်လဆန်း ကတည်းက သရိုးသရီဖြစ်နေတာ။ အဲဒီအချိန်မှာ သားအဖေလည်း အလုပ်ဆင်းနေတာ ဆိုတော့ အိမ်မှာက သားဘဘရယ် မေမေရယ်ပဲ ရှိတတ်တာများတယ်လေ။ မနက်ပိုင်းကတော့ အိမ်မှာ လူစည်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာ သားဦးရဲက ရန်ကုန်က ဆရာတယောက် ခေါ်ပြီး ဂစ်တာ သင်တန်း ဖွင့်ထားတဲ့အချိန် .. ပြီးတော့ သားဖွားဖွား က မနက်ပိုင်း မူကြိုကျူရှင်နဲ့ ဆိုတော့ အိမ်မှာ ဂစ်တာသံ ကိညောင် ကိညောင်တွေရယ် ကလေးသံ တွေရယ်နဲ့ စည်ကား နေသပေါ့။

နေ့ခင်းကတော့ အဖွားလည်း အပြင်သွား၊ ဦးရဲ့လည်း အပြင်ထွက်လည်နဲ့ အိမ်မှာ သားဘဘရယ် မေမေရယ်ပဲ မေမေတို့ မောင်နှမ လက်ဘက်ရည်ဆိုင်သွားလိုက်၊ စားချင်တာ လုပ်စားလိုက်ပေါ့။

မေမေကလည်း ပထမဆုံးကိုယ်ဝန်ဆိုတော့ ဘာမှကိုမသိတာ။ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ တရက်တော့ ဗိုက်ထဲက ထိုးအောင့် ပါလေရော .. အဲဒါနဲ့ သားဘဘကို ပြောရတာပေါ့။ သားဘဘကလည်း ပြူးတူးပြာတာနဲ့ ဆရာမဆီကို မြင်းလှည်းငှားပြီး ပြေးရှာတယ်။ ဆရာမလည်း .. သူ့အတွေ့အကြုံအရ ဒီလောက်ကြီး စောစရာ အကြောင်းမရှိဘူးဆိုပြီး အံ့သြပြီး လိုက်လာတယ်။

တကယ်က မေမေဗိုက်အောင့်တယ်ဆိုတာ အိမ်သာ တက်ချင်လို့လေ . ..။ ဘဘလည်း သွားရော မေမေလည်း အိမ်သာတက်လိုက်တာ ဗိုက်အောင့်ပျောက် သွားရော :P သူတို့လည်း လာရော ဘာမှကို မဖြစ်တော့ဘူး။ ဆိုးတာက သားဘဘ သားရဲ့ …။ ဆရာမက မေမေ့ကို ဆူလိုက်တာ ဆိုတာလေ .. ရစရာကို မရှိဘူး။

“ဘာလို့ သူ့ကို ခေါ်ခိုင်းရတာလဲ”
“သူက ကျမ အစ်ကိုလေဆရာမရဲ့ .. သူပဲ အိမ်မှာရှိတာကိုး”
“သူက ရိုးရိုးမလာဘူး သိရဲ့လား .. ဆရာမ အမြန်လာပါ .. ကျနော့်ညီမဗိုက်နာနေပြီ .. ရေမွှာလည်း ပေါက်နေပြီတဲ့”

သားဘဘက အဲလိုသွားပြောလို့ ဆရာမ အပျိုကြီး ရှက်သွားတာ သားရဲ့။ မေမေလည်း ရယ်ချင် ပေမယ့် မျက်နှာပိုးသတ်ထားရတာပေါ့။ နောက်တခါ အဲလိုပဲ သရိုးသရီဖြစ်လို့ သွားခေါ်တော့ လိုက်တော့လာတယ်။ ဒါပေမယ့် ကြိမ်းတယ်လေ။ ဒီတခါ တကယ် ဗိုက်နာမှ လာ တဲ့။

မေမေလည်း တကယ်ဗိုက်နာတယ် ဆိုတာ ဘယ်သိပါ့မလဲ။ သားက အထဲမှာ သန်စွမ်းနေတော့ အမျိုးမျိုးလှုပ်ရှားနေရင် မေမေက ဗိုက်နည်းနည်း နာသလိုဖြစ်တော့ အဲဒါကို နာတယ်ပဲ ထင်တာလေ။ ဒီကြားထဲ သားမွေးမယ်လို့ ဆရာဝန်ပေးထားတဲ့ ဂျူးဒိတ်က လွန်ပါလေရော။ မေမေလည်း မမှတ်ဘူး၊ ဗိုက်နာတယ် ထင်လိုက် ဘဘကို ဆရာမ ပြေးခေါ်ခိုင်းလိုက်နဲ့ .. ဆရာမ ခမျာ သနား ပါတယ် .. ။ တခါမှလည်း မဟုတ်ဘူး။

အဲဒီအချိန်မှာ မေမေ့သူငယ်ချင်း ဘဘကျော်စိုးကြီးက သူ တိုးရစ်စ်ဂိုက်လိုက်ခဲ့တဲ့ ဗန်းမော်ကအပြန် သူ့အိမ် တန်းမပြန်ဘဲ မေမေတို့ဆီဝင်လာခဲ့တယ်။ မေမေက တရက်နှစ်ရက်နေရင် မွေးမှာလို့ ပြောတော့ သူက သားကို စောင့်ကြည့်သွားမယ် ဆိုပြီး နေလေရဲ့။ အဲဒီရက်တွေမှာ မေမေတို့ သူငယ်ချင်း နှစ်ယောက် ကျောင်းတုန်းက အကြောင်းတွေကို ဘီယာပုလင်းထောင်ပြီး ပြောကြသေးတယ် သား။

ဒါပေမယ့် သားက မွေးရမယ့်ရက်မှာ မမွေးတော့ ဦးကျော်စိုးကြီးလည်း စိတ်မရှည်ဘဲ “နင့်ဟာက မွေးမှာဖြင့်လည်း မွေးတာမဟုတ်ဘူး။ ငါကအလုပ်တွေရှိသေးတယ်ဟ၊ ပြန်မယ်။ နင်မွေးပြီးမှ ငါ ပြန်လာမယ်” လို့ပြောပြီး ပြန်သွားတာ သားတနှစ်ကျော်မှ ပြန်လာတော့တယ် သားရေ။ မေမေ့ သူငယ်ချင်းတွေကလည်း အဲလိုတွေချည်းပဲ။

ဇွန်လ ၂၇ ရက်နေ့ မနက် ၄ နာရီလောက်ကျတော့ တကယ်ဗိုက်နာတော့တာ သားရေ။ ပထမတော့ မေမေက သိပ်မသေချာလို့ သားဖေဖေကိုတောင် မနှိုးဘူး၊ နောက်တော့မှ မဖြစ်ဘူး ဆိုပြီး နှိုးရတာ။ သားဖွားဖွားလည်း နိုးလာတာပေါ့။ ဒါပေမယ့် သားဖေဖေက သရဲကြောက်တော့ ဆရာမကို သွားခေါ်ဖို့ အပြင်မထွက်ရဲဘူး။ မှောင်နေတာကိုး။ ၅ နာရီကျော်မှ မေမေလည်း သူ့ကို အတင်းလွှတ်ရတယ်။ အဲဒါကို သားဖေဖေက ဦးတိုးကြီးကို ဝင်ခေါ်ပြီးမှ ဆရာမဆီ သွားတယ်လေ။

သားဖေဖေတို့နဲ့အတူ ဆရာမက ပါမလာဘူး။ “အေးအေးဆေးဆေးပါ မမွေးနိုင်သေးပါဘူး လင်းမှ လာခဲ့မယ်” လို့ပြောလိုက်တယ်တဲ့။ မေမေ့မှာတော့ လိမ့်နေပြီ။ သားကို ရိုးရိုးပဲမွေးဖို့ ရွေးချယ်ခဲ့တာ ဆိုပေမယ့် အဲဒီလောက် နာကျင်ခံစားရမယ်ဆိုတာ မသိဘူးလေသားရယ်။ သားဖွားဖွားက မေမေ ဗိုက်ဆာနေမှာစိုးလို့ ဆိုပြီး ကွေကာအုပ်တွေလာတိုက်တယ်။ အဲဒါစားလည်းပြီးရော အကုန် အန်ထွက်ကုန်တာ .. အန်ရင်းနဲ့ မေမေ့ထဘီ လည်း ရွှဲရွှဲစိုသွားတော့တယ်။ ရေမွှာပေါက်တာလို့ သားအဖွားက ပြောတာပဲ။ အဲဒီအချိန်က မနက် ၆ နာရီလောက်ပဲ ရှိသေးတယ်။

နားလည်တဲ့သူတွေ ပြောတာက ဗိုက်ထဲမှာ ကလေးက ရေမွှာအိတ်ကလေးတွေကြားမှာ နေတာတဲ့။ ရေမွှာပေါက်တာနဲ့ ကလေးအပြင်ရောက်ရတယ်၊ မရောက်ရင် အထဲမှာ ကလေးက အသက်ရှူကြပ်ပြီး သေတတ်တယ်တဲ့။ အဲဒါတွေလည်း မေမေ မသိပါဘူး။ အထဲမှာ သားကတော့ အားကောင်းမောင်းသန် ရုန်းကန်နေပြီ။ သားက မွန်းလို့ရုန်းတာနေမှာပေါ့လေ။ သားက ရုန်းလေ .. မေမေက နာလေပေါ့။

မေမေ့အဒေါ် သားရဲ့ဘွားလေး ဘူချီလည်း ရောက်လာပြီ၊ ဆရာမလည်း ၇ နာရီလောက်ကျတော့ ရောက်လာပြီ။ ဆရာမက စမ်းသပ်ပြီး ညနေ ၃ နာရီလောက်မှ မွေးမှာတဲ့။ စဉ်းစားကြည့် သား .. မေမေ ဆိုတာ အော်ငိုတော့တာပဲ။ ခုမှ မနက် ၇ နာရီရှိသေးတယ် ညနေ ၃ နာရီ ရောက်ဖို့ကို ဘယ်လို စောင့်မလဲနော်။ မေမေနာလှပြီလေ။

သားမွေးဖို့ နာတဲ့ပုံစံက တမျိုးပဲ သားရဲ့။ ၅ မိနစ်လောက် ဆက်တိုက်နာလိုက် .. တခါ လုံးဝ ပျောက်သွားလိုက်။ တခါ ပြန်နာလာလိုက်ပေါ့။ နာတဲ့အချိန်မှာ မေမေကတော့ အော်တာပဲ။ အပြင်မှာလည်း မိုးတွေက သည်းကြီးမည်းကြီးရွာလို့။ ၈ နာရီ ခွဲလောက်ကျတော့ ဖွားဖွားရဲ့ တပည့် မူကြိုကလေးလေးတွေ ရောက်လာတယ်။ သားဖွားဖွားက တယောက်ချင်းစီကို ပြန်လွှတ်နေ ရတယ်။ ကလေးလေးတွေက မေမေ့ကို တအံ့တသြကြည့်ကြလို့ … သားရေ။

နောက်မကြာဘူး သားဦးရဲရဲ့ ဂစ်တာသင်တန်းသားတွေရယ် ရန်ကုန်က ဆရာရယ် ရောက်လာ တယ်။ သူတို့ကတော့ မပြန်ကြဘူး၊ မေမေက အထဲမှာအော် .. သူတို့က အပြင်မှာ ကိညောင် ကိညောင်လုပ်ကြပေါ့။ ဒီကြားထဲ သားအဖေ ဆင်ထားတဲ့ ဒရမ်ဆက် အစုတ်ကြီးကို ဝင် လက်ဆော့တဲ့ သူတွေက ရှိသေးတယ်။ တဒုံးဒုံး တချမ်းချမ်းနဲ့ပေါ့။ အပြင်မှာတော့ မိုးက သည်း ကောင်းတုန်းပဲ။

သားကလည်း မွန်းရှာလို့ထင်တယ်၊ ရုန်းလိုက်တာမှ။ သားရုန်းတာ ခဏနားတဲ့အချိန် မေမေ အနာ သက်သာတဲ့အချိန်မှာ အိပ်ချင်လာပြန်ရော။ မွေးဖို့လုပ်ထားတဲ့ ကြမ်းပြင်မှာပဲ မေမေခဏ သွားလှဲတယ်။ သားဖွားဖွားကိုတော့ မေမေက လုံးဝအပျောက်မခံဘူး။ မေမေ့နားမှာပဲ နေခိုင်းထားတာ။ ဖွားဖွားကလည်း နေပါတယ်။ လှဲနေတုန်း တခါ ပြန်နာလာတော့ မေမေလည်း ဆုပ်မိဆုပ်ရာ ဆုပ်လိုက်တာ ဖွားဖွားရဲ့ ခြေမဖြစ်နေတာ သားရဲ့။ မေမေက ဗိုက်နာလို့အော်၊ သား ဖွားဖွားက ခြေစွယ်ငုတ်နေတာ ဆိုတော့ အဲဒါကို မေမေက ဆွဲညှစ်သလိုဖြစ်ပြီး နာလို့ အော် နဲ့ ကမ္ဘာပျက် နေသလိုပဲ။

သားဖေဖေ မျက်နှာလည်း ဇီးရွက်လောက်ပဲ ရှိတော့တယ်။ ဦးတိုးကြီးလည်း မေမေ့ကို ဘာမှ မပြောနိုင်ဘူး …။ မျက်နှာငယ်လေးနဲ့။ သားဘဘလည်း မေမေလမ်းလျှောက်ရာ နောက်က တကောက်ကောက်လိုက်ပြီး မျက်နှာပျက်နေလေရဲ့။ အိနြေ္ဒရတာဆိုလို့ ဆရာမ တယောက်ပဲ ရှိတယ်။ သူကတော့ ရိုးနေပြီကိုး .. မေမေ့ကို လမ်းချည်းပဲ တွင်တွင် လျှောက်ခိုင်းနေတယ်။

ဘဘကို ပြောလိုက်သေးတယ် သူက “ရှင့်ညီမကို လက်ဘက်ရည်ဆိုင် ခေါ်သွားလိုက်” တဲ့။ မေမေက တချိန်လုံး လက်ဘက်ရည်ဆိုင် ထိုင်နေတယ်ဆိုတာ သူသိတာကိုး။ မမွေးခင် ညကလည်း လက်ဘက်ရည်ဆိုင်မှာ ဟီးဟီးဟားဟား လုပ်နေတာ ၁၀ နာရီထိလေ။

ဆရာမက ဝတ္ထုစာအုပ်နဲ့ “မမွေးနိုင်သေးပါဘူး” ချည်းလုပ်နေတာ။ မေမေကဖြင့် နာလှပြီ။ ဒါပေမယ့် နောက်မှ မေမေသိတာ .. မေမေက အန္တရာယ်ရှိနေပြီလေ။ ဆရာမက ဝတ္ထုဖတ်ချင်ယောင် ဆောင်ပြီး တရားစာအုပ် ဖတ်နေတာ။ အစောကြီးကတည်း က ရေမွှာပေါက်ပြီး ကလေး မလိုက် လာ တကည်းက မေမေ အန္တရာယ်ရှိနေပြီ။ ဆေးရုံမှာဆို ဒီအနေအထားနဲ့ ခွဲတော့မယ်။ ခုမှ ဆေးရုံ ပို့ရင်လည်း ဆရာမ ကြိမ်းခံရတော့မယ်။ တကယ်က သားဦးကို အိမ်မှာ မွေးပေးခွင့်မရှိဘူး။

တဖြည်းဖြည်းနဲ့ နာတာက စိတ်လာသလို .. မေမေ့အော်သံကလည်း မိုးသံနဲ့ ရောထွေးနေပြီ။ မေမေ လမ်းတောင် ဖြောင့်အောင်မလျှောက်နိုင်လို့ ဒူးထောက်ထောက်ပြီး ထိုင်ချနေရပြီ။ သား ဖွားဖွားရယ်၊ ဖွားလေး ဘူချီရယ်က မေမေသွားတဲ့နောက်က တကောက်ကောက်လိုက်ရင်း မေမေ့ ဆီက ကျခဲ့တဲ့ သွေးစက်တွေကို လိုက်သုတ်၊ လိုက်ရှင်းနေကြတယ်။ ဒီလိုနဲ့ နေ့လည် ၁ နာရီ ၁၅ လောက်မှာတော့ သားက အစွမ်းကုန် ရုန်းလိုက်တယ်၊ မေမေလည်း အဲဒါကိုသိလိုက်တယ်၊ ဆရာမလည်း သိသွားတာနဲ့ ကမန်းကတန်း မွေးဖို့ပြင်ကြတယ်။

ပြင်ကြတယ်ဆိုတာက မေမေတို့အခန်းကိုပဲ မွေးခန်းလုပ်ထားတာလေ။ မွေးခန်းထဲမှာ ဆရာမရယ်၊ သားဖွားဖွားရယ်၊ သားဖွားလေး ဘူချီရယ်ပေါ့။ တကယ်က ဖွားဖွားတို့ ၂ ယောက်က ကူဖို့ဆိုပြီး အခန်းထဲနေပေမယ့် ကြောက်နေကြတာလေ။ မေမေ့ဗိုက်ကို မွေးရအဆင်ပြေအောင် တွန်းခိုင်း တော့လည်း အချိုးမကျလို့ ဆရာမက “တော်ပြီ ရှင်တို့ ဘာမှ မလုပ်ကြနဲ့တော့” ဆိုပြီး ဟောက်၊ မေမေကလည်း သားကို အစွမ်းကုန် ညှစ်ထုတ်ပေါ့။

အဲဒီအချိန်မှာ ဖွားဖွား ၂ ယောက်က ကြောက်လို့ ဆိုပြီး အခန်းထောင့်မှာ ကပ်နေကြတယ်။ မေမေ့ကို ဆရာမက ဘယ်လို အနေအထားနဲ့နေ၊ ဘယ်လို ပုံစံနဲ့ ညှစ်ဆိုပြီးပြောတဲ့အတိုင်း မေမေက လိုက်လုပ်တာပဲ။ နောက်ဆုံးမှာ “မွေးပြီ” ဆိုတဲ့ ဆရာမရဲ့ အသံ ကြားလိုက်ရတာပဲ။

အဲဒီအချိန်မှာ အပြင်က သားအဖေသူငယ်ချင်း ဦးမင်းကြည်ရောက်နေတော့ နာရီ ကမန်းကတန်း ကြည့်ပြီး ၁ နာရီနဲ့ ၃၆ မိနစ်လို့ပြောလိုက်သံကြားတယ်။ မေမေလည်း မောလွန်းလို့ ငြိမ်သွားတာ။ အဲဒီအချိန်ထိ သားအသံထွက်မလာသေးဘူး။ မေမေလှမ်းကြည့်လိုက်တော့ သားက ဆရာမ လက်ထဲမှာ ပြာနှမ်းလို့။ အဲဒီအချိန် မေမေ့စိတ်ထဲ အလုပ်တခုပြီးပြီလို့ပဲ တွေးမိတယ်သား။

သား ဖွားဖွား လုပ်ပုံ ပြောရဦးမယ်သား သိလား။ မေမေ့ကို ဘာပြောလည်း ဆိုတော့ “သမီး၊ စိတ်ကို ခိုင်ခိုင်ထားနော်၊ သမီး သားလေး ဘာမှ မဖြစ်ဘူးသိလား” ဆိုပြီး ငိုသံကြီးနဲ့ လာပြောတယ်လေ။ ဖွားဖွား အဲလိုပြောလိုက်မှ မေမေလည်း စိတ်ပူဖို့ သတိရတာ။ တကယ်က ဖွားဖွားက မေမေ့ကို စိတ်ခိုင်ခိုင်ထားဖို့ လာနှစ်သိမ့်တာ။ နှစ်သိမ့်တဲ့သူက ငိုသံကြီးနဲ့။ ဒါပေမယ့် မေမေက ရုပ်ရှင်ထဲက အမေတွေလို သွေးတွေဘာတွေ မတက်ပါဘူး။ အေးဆေးပါ။ သားမေမေပဲလေ :)
ဆရာမက မေမေ့ကို ဒီတိုင်း ပစ်ထားပြီး သားကိုငိုသံထွက်အောင် လုပ်နေတယ်။ စောက်ထိုးခြေထောက်က ကိုင်ပြီး တင်ပါးကို ရိုက်တာလည်း သားက မငိုဘူး။

အဲဒါနဲ့ ဆရာမက သားကို အသင့်ယူထားတဲ့ ခွေခြေပုလေးပေါ်မှာ ပက်လက် ခေါင်းနဲ့ ခြေထောက်ကို တွဲလောင်းထားပြီး တင်ထားတယ်။ ပြီးတော့ သားအဖေကို ဝယ်ခိုင်းထားတဲ့ ဆေးတွေကို ဆေးထိုးအပ်နဲ့ စုပ်ယူပြီး တလှုပ်လှုပ်ဖြစ်နေတဲ့ သားရဲ့ ချက်တိုင်ထဲ ထိုးထည့် တာတွေ့လိုက်ရတယ်။

သားက ရေမွန်းပြီး ပြာနှမ်းနေတာကိုး ..။ ဆရာမဆေးထိုးထည့်လိုက်မှ သားဆီက “ဂတ်ဂတ် .. ဂတ်ဂတ်” ဆိုတဲ့အသံ အရင်ထွက်လာပြီး .. “အဲ့ .. အဲ့ .. ဝါး ” ဆိုတဲ့ ငိုသံထွက်လာတာ။ အဲတော့မှ သားအဖေလည်း အိမ်ရှေ့မှာ သက်ပျင်းချနိုင်တယ်တဲ့ သားရေ။ နောက်မှ သိရတာက ဆရာမလည်း အဲတော့မှ သက်ပျင်းချရတာ ဆိုပဲ။ သူ့ လုပ်သက် နှစ် ၃၀ အတွင်း တခါမှ ကလေး လူကြီး အသေအပျောက် မရှိဖူးပေမယ့်၊ မေမေ့ ကိစ္စကိုတော့ သူအတော်လေး လန့်တယ်လို့ ဝန်ခံ ရှာတယ်။

ဟုတ်တယ်သား .. အဲဒီညက မေမေတို့အိမ်မှာ လူသံတွေ၊ ကလေးသံတွေ ဆူညံနေတာပေါ့။ မေမေ့ ဝမ်းကွဲ အစ်မတွေက မွေးထားတဲ့ ကလေး ဘုစု ခရုတွေကလည်း သားကို လာကြည့် ကြတာလေ။ သား မမတွေ ကိုကိုတွေပေါ့။

သားကို အနှီးနဲ့ ကျစ်နေအောင်ထုပ်ပြီး သားဘဘရဲ့ သူငယ်ချင်း .. မေမေ့ အစ်ကိုလိုပဲ နေတဲ့ ဘဘချင်းမြင့်ကြီးက မချီတတ် ချီတတ်နဲ့ အရင်ဆုံးချီလိုက်တယ်။ သူ့ပေါ်မှာ သားက ပထမဆုံး သေးပေါက်ချလိုက်တာ သားရဲ့။

နောက်တနေ့ မနက်ကျတော့ သားအဖေရဲ့ သူငယ်ချင်း ဦးနှဲကြီးရောက်လာတယ်။ သူက ဗေဒင်လေး ဘာလေး နည်းနည်း တတ်တယ်လေ။ မေမေ့ခြင်ထောင်ကို လှန်ပြီး .. သားကို ကြည့်တယ်။ နေ့၊ အချိန် ဘာညာ တွက် ချက်တယ်လေ သား .. ပြီးတော့ ဦးနှဲကြီးက … “အင်္ဂါသား .. အထွန်းဘွား” တဲ့ .. ပေးဖို့ကောင်းတဲ့ နေ့အတွဲတွေ ရေးပေးတယ်။ အဲဒါနဲ့ မေမေလည်း သားကို နာမည်လေးပေးလိုက်တယ် .. “အင်္ဂါသား .. အထွန်းဘွား .. မောင်ဥာဏ်လူသစ် … လို့ ခေါ်တွင်စေသတည်း” လို့။

သားကို မမွေးခင်ကတည်းက ဦးတိုးကြီးက မီးနေသည်အတွက်ဆိုပြီး ဘရန်ဒီ တပုလင်း ပေးထားတာ .. မီးနေစောင့်လာတဲ့သူတွေ တကွတ် ကွတ်နဲ့ ဝင်ကွတ်ရင်း သားကိုလည်း မွေးပြီးရော ဖင်ကပ်တောင် မကျန်တော့ဘူးသိလား။

သြော် ကျန်သေးတယ်။ သားရဲ့အချင်းကို သားအဖေက ခြံထောင့်မှာ မျက်နှာကို အစွမ်းကုန် ပြုံးပြီး မြှုပ်ရမယ်ဆိုလို့ သွားမြှုပ်သတဲ့ ..။ အဲတော့မှ ကလေးက မျက်နှာချိုမှာတဲ့။ ကြည့်ရတာ အပြုံးလွန်ပြီး အော်များရယ်ခဲ့သလား မသိပါဘူး ..။ သားအဖေကလည်း အရယ်က ခပ်သန်သန်။ သားကြီးလာတော့ တခုခု ရယ်စရာတွေ့ပြီဆို အော်အော်ပြီး ရယ်တာ .. အင်း .. မေမေက သားကို ရယ်တတ်အောင် သင်စရာတောင် မလိုဘူး နော် :)

မောင်လေး ဂျူလိုင်ဒရင်းမ် က ကျမကို တက်ဂ်တယ်။ ကျမက တချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး .. အမှတ်တရ ရက်စွဲများနဲ့ ပေါင်းရေးလိုက်တယ်။ ဟုတ်တယ်လေ .. “အဲဒီတုန်းက ဒုက္ခ .. ခု ပြန်စဉ်းစားပြီး ရယ်ရတဲ့ ကိစ္စ” တဲ့။ ကြံကြံဖန်ဖန်။ ကျမက ဒုက္ခတွေဆို မေ့သွားတာများတယ်။ ဒါပေမယ့် သားကြီးကို မွေးတဲ့ အဖြစ်အပျက် ကတော့ ခုပြန်ပြော ခု တဟားဟား ရယ်နေရတုန်း။ အဲ့တုန်းကလည်း တကယ်ကို အမေလား သားလား သေပြီထင်တာ။ မသေလို့ ခုလို စာတွေ မြင်ရတယ်မှတ် :P ကိုင်း တူတော်မောင် ထူးမြတ် .. ဆက်တက်ဂ်တယ် ဟေ့။