စာနယ်ဇင်းသမားဘဝကမောက်ကမ ၎

အဟမ်း အဟမ်း... (ဘာမှမဟုတ်ဘူး မျက်နှာချိုသွေးမှာမို့လို့ လည်ချောင်းရှင်းတာ) အတည်အခန့်လေးများ ရေးဦးမှပါလို့ စိတ်ကူးရတာနဲ့ ... နည်းနည်း မေ့သလို ဖြစ်နေတဲ့ ကမောက်ကမ စာနယ်ဇင်းသမား ဘဝကို ပြန်ခြေဦးလှည့်ကြည့် လိုက်ပါတယ်။ ခြေဦးကလည်း လှည့်ပြီဆို ရပ်မရ တော့တာ ကျမအကျင့် ဆိုတော့ နည်းနည်းများရှည်သွားလား မသိဘူး။ သည်းခံ ဖတ်ပေးကြပါဦး နော်။

ယူလို့မဆုံးတဲ့ ပညာတွေ

အင်တာဗျူးဂျာနယ်က ကျမရဲ့ လက်ဦးဆရာဆိုလည်း မမှားပါဘူး။ ကျမဝါသနာပါတဲ့ အလုပ်ကို လုပ်နေရလို့ တော်တော်လေးလည်း ပျော်ပါတယ်။ ဒါပေမယ့် ကျမ အဲဒီအချိန်မှာ ဂျာနယ်လစ် ဆိုတာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ အဲဒီကာလက ပြောရရင် ခုလို သတင်းဂျာနယ် ခေတ်လည်း မဟုတ်သေးတော့ သတင်း၊ သတင်းထောက် ဆိုတဲ့ အသုံးအနှုန်းတွေကို စာအုပ်တွေ ထဲမှာ ဖတ်ဖူးတာလောက်ပဲ ကျမသိတယ်။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ သိပ်မသိပါဘူး(ခုတော့ သတင်းထောက်ဆိုတာ ဆယ်တန်းအောင်ပြီးသွားရင် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း တခု ဖြစ်နေပြီ)

တခုရှိတာက ကျမက အဲဒီအချိန်မှာ ဂျာနယ်ကျော်မမလေးရဲ့ “သူလိုလူ” တို့၊ ဦးဝင်တင်ရဲ့ “ကွိ” တို့ကို ဖင်ပြန်ခေါင်းပြန် ဖတ်ထားပြီးပြီ ဆိုတော့ သတင်းသမားဆိုတာ ဘယ်လို ဆိုပြီး စာတွေ့တော့ သိနေပါပြီ။ အားလည်း ကျတတ်ပြီ။ သို့သော် ... စဉ်းစားကြည့်လေ ဦးချစ်မောင်လို ... ကွိလို ကတော့ ကျမနဲ့က အဝေးကြီး။ နောက် သူတို့လို သတင်းစာလုပ်ရတာလည်းမဟုတ်။ ကိုယ့်ဂျာနယ်က ပေါ့ပ် သာသာ ဆိုတော့ အဲဒီ လူကြီးလူကောင်းတွေကို လေးစားတာကသပ်သပ်။ စာအုပ်ထဲမှာပဲ ဒီတိုင်း ထားလိုက်တယ်။

အယ်ဒီတာဆိုတဲ့ နာမည်လေးနဲ့၊ စာပေလောကက ကိုယ်အထင်ကြီးလေးစား သူတွေနဲ့ တွေ့ခွင့် စကားပြောခွင့်ရတာကိုပဲ ကျမက တော်တော်လေးကျေနပ်နေတာပါ။ ရုံးကအပြန် မြို့ထဲ လေထန်ကုန်း ကိုသွား၊ အဲဒီမှာ သရုပ်ဖော်ပုံလေးတွေ အပ်စရာရှိအပ်၊ ယူစရာရှိယူ။ စာမူယူစရာတွေယူ၊ ဂျာနယ်ထွက် ရက်ဆို ဂျာနယ်တွေနဲ့ စာမူခတွေ ပိုက်ပြီး မြို့ထဲထွက်၊ ပေးစရာရှိပေး၊ ပြီးမှ သန်လျင်ကို ပြန်။

အဲဒီမှာ စိစစ်ရေးကိုတော့ ကျမသွားစရာမလိုဘူး။ ဘယ်လိုမလဲ။ နောက်မှ ကျမသိတာ ... အဲဒီ ဂျာနယ်က အဲဒီအချိန်က ခေတ်ကောင်းနေတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီးတယောက် ရှယ်ယာ ပါတယ်။ ပြီးတော့ ကဒ်ပိုင်ရှင်က ဗိုလ်ချုပ်ခင်ညွန့်နဲ့ တော်တော်လေး အဆင်ပြေတဲ့ လေတပ်ဗိုလ်မှူး တယောက် (ခုတော့လူဝတ်လဲလိုက်ပြီ) ရဲ့ကဒ်လေ။ သူလည်းရှယ်ယာပါတယ်။ အဲဒီလေတပ်ဗိုလ်မှူးက စိစစ်ရေး ညွန်ကြားရေးမှူး ဗိုလ်မှူးအေးထွန်းနဲ့ ဘော်ဘော်တွေ။ ဆိုတော့ကာ စိစစ်ရေးကိုက အယ်ဒီတာ သွားစရာကို မလိုတာ။

အဲဒီအချိန်က ပေါ့ပ်ဂျာနယ်တွေ မဟားဒယားကို ခေတ်ကောင်းချိန်ဆိုတော့ အချစ်၊ နံနက်ခင်း၊ အလင်းတန်း၊ ပေါ်ပြူလာ ... အဲဒီဂျာနယ်တွေကို မနည်းကြီးတိုးနေရတဲ့ အချိန်ပေါ့လေ။ “ဟဲလိုအချစ်” ဘာညာဆိုပြီး မင်းသမီး၊ မင်းသားတွေ အတင်းပြောတာတို့၊ ဟိုမင်းသားနဲ့ ဟိုမင်းသမီး ဘာညာကွိကွ၊ ဒီမင်းသမီးတော့ဖြင့် နောက်လင်ယူပြီ။ ဟိုအဆိုတော် ကောင်လေးရဲ့မွေးနေ့မှာ ဒီမော်ဒယ်လေးက ဝမ်းကစ်စ်ပေးလိုက်တာတို့ ... အဲဒီသတင်းတွေကို လူတွေက သတင်းလုပ်ဖတ်နေရတဲ့ အချိန်မှာ အင်တာဗျူးဂျာနယ်မှာ တကယ့်သတင်းတွေ စထည့်ပါတော့တယ်။ တမျက်နှာပေါ့။

ရီစရာတော့ကောင်းသား သတင်းတွေထည့်တယ်ဆိုတာက ဘယ်သတင်းထောက်တွေနဲ့မှ သတင်းတွေကို အပြင်ထွက်လိုက်ပြီး ထည့်တာမဟုတ်ဘူးနော်။ ခုဏပြောတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီး (ခုတော့ ဘယ်ဘဝရောက်နေပြီမသိ) ယူယူလာပေးတဲ့ သူတို့ထောက်လှမ်းရေးက သတင်းတွေကို ထည့်တာပါ။ သတင်း တွေက လက်ရေးနဲ့မဟုတ်ဘူး။ ကွန်ပျူတာနဲ့ စာစီထားပြီးသား။ သေသေချာချာ။ အဲဒီ သတင်း ၅ ပုဒ် ၆ ပုဒ်လောက် ဖောင်ပိတ်ခါနီးမှ ကပ်ပြီးယူလာတာကို ကျမက သင့်တော်တဲ့၊ ကောင်းမယ် ထင်တဲ့ သတင်းကို ရွေးပြီးထည့်ရတယ်။

သတင်းတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကောင်းမှာပေါ့ ... တကယ့်ကို လျှို့ဝှက်သတင်း တွေကိုး။ ကျမရဲ့ မသိစိတ်က အဲဒီအချိန်ကတည်းက ဂျာနယ်လစ်ပိုး ဝင်နေတာဖြစ်မယ် .. ။ အဲဒီသတင်းတွေ လာမယ့်နေ့ဆိုရင် မလာမချင်း စိတ်ကမအေးနိုင်ဘူး။ လက်ဘက်ရည်ဆိုင်တောင် ဖြောင့်ဖြောင့်မဆင်းနိုင်ဘူး။ သတင်းတွေ လာပြီဆိုတာနဲ့ အရင်ဆုံးဖတ်ရမှ ... ပြီးရင်သတင်းတွေကို ရွေး .. စာစီမယ့် ပုလဲ ဆိုတဲ့ ကွန်ပျူတာ စာစီကောင်မလေးကိုပေး ...။ အဲလို လုပ်နေကျ။

ကျမတို့ဂျာနယ်မှာ အဲဒီအချိန်က ကျမအထက်က တာဝန်ခံအယ်ဒီတာက ကိုနိုင်သစ်နီတဲ့။ သူက တကယ့် ကဗျာဆရာစစ်စစ်။ သူနဲ့ ဂျာနယ်လစ်အလုပ်က နည်းနည်းမှ မအပ်စပ်။ တွေးနေ ငေးနေပြီး ကဗျာပဲ ထိုင်ရေးနေသင့်တာ။ သူ့ကဗျာတွေကတော့ လွှတ်ကောင်းပဲ။ အယ်ချုပ်ကတော့ ဆိုခဲ့ပြီးတဲ့ ကိုဟန်ထက်မောင်ပေါ့။ ကိုဟန်ထက်မောင်က ဝမ်းတွင်းသား။ ဘီအီး။ အင်ဂျင်နီယာ မလုပ်ဘဲ ဘယ်လိုကဘယ်လို စာနယ်ဇင်းသမား လုပ်တယ်မသိဘူး။ ကျမလိုရှိမှာပေါ့လေ။ သူ့မိန်းမက တော်တော်ချောတာ။ ဆံပင်အရှည်ကြီးနဲ့ မင်းသမီးကျနေတာပဲ။ အဲဒီအစ်မက အီကိုက ပြီးတာ ထင်တယ်။ သူက တိုက်မှာ မားကက်တင်း မန်နေဂျာလုပ်တယ်။

ခုဏ သတင်းတွေ အကြောင်း ဆက်ရရင် အဲဒီကာလက စိစစ်ရေးပြုတ်သွားတဲ့ သတင်း ၂ ပုဒ် အကြောင်း ပြောချင်တယ်။ တပုဒ်က ရန်ကုန်ဆေးရုံကြီှး ရေခဲတိုက်မှာ အလောင်းမှားထုတ်ပေးတဲ့ သတင်း။ သတင်းက တော်တော်စိတ်ဝင်စား စရာကောင်းတာ။ အလောင်းကို ပြင်ဆင်ပြီးတဲ့ထိ မသိဘူး။ သဂြိုဟ်မယ်လုပ်မှ သိတာလေ။ အဲဒီသတင်းကို စိစစ်ရေးက ဖြုတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဝန်ထမ်းတွေ ပေါ့လျော့တဲ့ သတင်းမို့လို့တဲ့။ ဝန်ထမ်း ပေါ့လျော့တယ်ဆိုတာ မရှိစေရ ပေါ့လေ (ရှိသော်လည်း မသိစေရ အဲလိုဖြစ်မယ်ထင်တယ် :P)။

နောက်တပုဒ်ကတော့ ရန်ကုန်နာမည်ကြီး သူဌေးရပ်ကွက်တခုက အိမ်တအိမ်ရဲ့ မြေအောက်ခန်းမှာ မြွေမျိုးစုံ ဖမ်းမိတဲ့သတင်း။ အဲဒီသတင်းက ဓာတ်ပုံပါ ပါတယ်။ မြွေအကောင်ပေါင်း ထောင်နဲ့ချီပြီး မွေးထားတာလေ။ တော်တော့်ကိုလူစိတ်ဝင်စားမယ့် သတင်းပေါ့။ အဲဒီသတင်းလည်း ပြုတ်ပါတယ်။ ဘာလို့ဆိုတော့ အဲဒီတုန်းက ထောက်လှမ်းရေးရဲ့ အရှင်သခင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆရာကြီးဂိုဏ်းချုပ် ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းရဲ့ စီးပွားမို့လို့ပါတဲ့။ အဲဒီတုန်းက ကျမရဲ့ ဥာဏ်ကလေး တထွာ တမိုက်နဲ့ နားမလည်ဘူးလေ။ မြွေတွေတော့ဖမ်းတယ်။ သတင်းကျတော့ ဘာလို့မရေးရတာလဲပေါ့။

အဲဒီခေတ်က သတင်းအမှောင်ချတာ ခုခေတ်ထက် အဆပေါင်းများစွာ ဆိုးတယ်။ မြန်မာတိုင်းမ်စ် လည်း မပေါ်သေးဘူး (၂၀၀၀ ပြည့်နှစ်ဦးမှ ထွက်တာလို့ ထင်တာပဲ)။ အဲဒီလိုကြားက တမျက်နှာမပြည့် တပြည့် သတင်းလေး ထည့်တာကို ဖြုတ်ခံရ၊ ဖြတ်ခံရနဲ့ နောက်ဆုံး မဖြစ်ညစ်ကျယ် သတင်းလေး ၃၊ ၄ ပုဒ်နဲ့ အင်တာဗျူးဂျာနယ်ဆိုတာ ထွက်ရပါတယ်။ အဲဒီတော့ တခြားစာမျက်နှာတွေက ဘာတွေလဲ မေးစရာရှိမယ်။ အင်တာဗျူးကို အခြေခံတာဖြစ်တဲ့အတွက် အများစုကတော့ အင်တာဗျူးတွေပဲပေါ့။

“လမ်းပေါ်က အင်တာဗျူး” ဆိုတာ တခုလည်း ပါတယ်။ ပဲပြုတ်သည်တို့၊ ဗေဒင်ဆရာ တို့ကို ဗျူးတာ ပေါ့လေ (အဲဒါကိုစထွင်တာက ဦးအောင်ပြည့်ပါ။ သူ ဝါနီပြာမှာတုန်းက ၂ ပုဒ်လောက်လုပ်လိုက်တယ်။ ပြီးတော့ မဂ္ဂဇင်းပြုတ်သွားတာနဲ့ ပြီးသွားရော ဆိုပါတော့) နောက် စီလီဗရစ်တီတွေနဲ့ အင်တာဗျူးတွေ ပါတယ်။ နောက်တော့ အက်ဆေးလေး၊ ဆောင်းပါးလေးတွေပါတယ်၊ နိုင်ငံတကာ ကဏ္ဍတွေပါတယ်။ နောက်တော့ ဆရာဝန်တယောက်ရေးတဲ့ ဆေးခန်းထဲမှာ ဆိုတဲ့ အင်တာဗျူးတခုပါတယ်။ အဲဒါကတော့ ရောဂါအကြောင်းကို လူနာက ဆရာဝန်ကိုမေးတာ ... ဆရာဝန်က ပြန်ဖြေပေါ့လေ။ အဲဒီအင်တာဗျူးကို ဆရာဝန်တယောက် ရေးပါ တယ်။ နာမည်တော့မဖော်တော့ဘူး။

သူ့အင်တာဗျူးလာရင် ကျမတော်တော်စိတ်ညစ်တာ။ သနားပါတယ်။ သူ့ခမျာ စာရေးဖို့ပါရမီ ပါမလာ ရှာဘူး။ ဒါပေမယ့် သူက ဖိုးရေးချင်။ သူ့ကိုယ်သူ ဆရာဝန်ဖြစ်တာနဲ့ စာရေးတတ်ပြီလို့ ထင်နေပုံရတယ် (ဖေမြင့်တောင် ရေးသေးတာပဲ တွေးချင်တွေးနေမှာ) ပြီးတော့ သူက ပိုင်ရှင်တွေ ဟိုထောက် ဒီထောက်တွေနဲ့လည်း တော်တော် ပိုင်ပုံရတယ်။ သူ့ အင်တာဗျူး ကို အပတ်တိုင်း သုံးပေးရတယ်။

ပြီးတော့ သူ့ရဲ့ မလှမပ ဆရာဝန်လက်ရေးနဲ့ ရေးထားတာကို ကျမက တည်းရတယ်။ လက်ရေးက မလှရတဲ့ အထဲ စာက မရေးတတ်။ အင်တာဗျူး ဆိုတာ စကားပြောနဲ့ ရေးရ မှာကို စကားပြောတွေ၊ စကားပြေတွေ ရေးချင်သလို ရောရေးတာ။ ဥပမာ - ဆရာ ခင်ဗျား ကျနော် သည် လိပ်ခေါင်းဝေဒနာကို ကာလရှည်ကြာ ခံစားနေရကာ နေ့စဉ် ထိုဝေဒနာကြောင့် ထိုင်ရခက် ထရခက် ဖြစ်နေပါတယ်။ ဒါဥပမာပြောတာနော်။ ကျမရေးတာ တော်တော်ရှင်းသေးတာ။

လူနာက ဆရာဝန်ကို မျက်နှာချင်းဆိုင်ပြီး အဲလိုပြောပါ့မလား။ စဉ်းစားကြည့်ပါဦး။ အဲဒါကို ကျမက “ဆရာရေ ကျနော့ လိပ်ခေါင်းရောဂါကတော့ တော်တော်ဆိုးနေပြီ။ ဖြစ်တာလည်း ကြာပြီ။ ခုဆို ထိုင်ရခက် ထရခက်နဲ့ လုပ်ပါဦးဗျာ” .... အဲလိုပြင်ရေးပေးရတယ်။ သူ့ရဲ့ ကုထုံးကိုလည်း စကားပြောနဲ့ လူနားလည်အောင် အစအဆုံး ပြန်ရေးပေးရပါတယ်။ စာလုံးပေါင်းကလည်း သောက်သောက်လဲ မှားသေး။

နောက်ပြီး အဲဒီတုန်းကခုလို အင်တာနက်ကမပေါ်သေးတော့ ကျမတို့တတွေ တော်တော် ဒုက္ခရောက်တယ်။ နိုင်ငံတကာကဏ္ဍတွေကို တိုင်းမ်စ်တို့ နယူးစ်ဝိခ်တို့ အေးရှားတိုင်းမ်စ်တို့က ယူရတယ်။ နောက်ပိုင်းကျမှ စစ်ရုံးမှာ အင်တာနက်ဆိုတာကြီးရှိပြီလို့ ပိုင်ရှင်လေတပ်ဗိုလ်မှူးက ပြောတယ်။ ပြောရုံတင် မဟုတ်ဘူး သူက သူ့ရုံးကနေ ထုတ်ထုတ်လာတယ်။ အဲဒီမှာ အင်တာနက်က လတ်လတ်ဆတ်ဆတ် နိုင်ငံတကာ သတင်းတွေကို ယာဟူး နယူးစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ခပ်တည်တည် သူများထက်ဦးအောင် ဖော်ပြနိုင်ပြန်ရော။

ဂျာနယ်စစချင်းအချိန်က လေးအောက်ဒီဇိုင်းကို ကွန်ပျူတာနဲ့ လုပ်နေပြီ ဆိုပေမယ့် သိပ်အထာ မကျသေးဘူး။ ပုံတွေကို တခါတည်း ထည့်လုပ်လို့မရသေးဘူး။ အဲဒီမှာ ပုံတွေကို ဖောက်စွပ် လုပ်ရတယ်။ စာတွေကိုပဲ လေးအောက်ချ၊ ပုံနေရာမှာ ဒီတိုင်းချန်ထား။ အဲဒီအကွက်မှာ ထက်ထက်မိုးဦး ပုံ ထည့်မယ်ဆိုရင် ဓာတ်ပုံလေးကို နံပါတ်တပ်ပြီး ကလစ်လေးနဲ့ချိတ်ပေး။ အဲဒါကို ဖောက်စွပ်လို့ ခေါ်ကြတယ် (နံပတ်မှားတပ်မိရင်း ပုံတခြား စာတခြားဖြစ်ရော။ ဖောက်စွပ်မှားလို့ ခွကျခဲ့ရတဲ့ အကြောင်း နောက်မှ ရေးပါမယ်) ပြီးမှ ဖလင်ခန်းကို ပို့လို့ရမှာလေ။ နောက်ပြီး ပရင်တာထဲကနေ ဂျာနယ်စာမျက်နှာ တဝက်စာ ထုတ်လိုက်တာကို အပြင်ရောက်မှ ကော်နဲ့၊ တိပ်နဲ့ ပြန်ဆက်ရသေးတယ်။ ပြီးမှ ဖိုတိုသွား ကူး။ ဖိုတိုဆွဲထားတာတွေကို ကိုယ့်ဘာသာ တစုံစီပြန်တွဲ။ အဲဒါကတော့ စိစစ်ရေးကို ပို့ဖို့ပေါ့။ အဲဒါတွေကို ဒီဇိုင်နာနဲ့အတူ ဝိုင်းလုပ်ပေးရတယ်။

အင်တာဗျူးဂျာနယ် ဖောင်ပိတ်ရက်က ဗုဒ္ဓဟူးနေ့။ ဖောင်ပိတ်ရက်ဆို ပင်လည်းပင်ပန်း၊ ပျော်ဖို့လည်း ကောင်းပေါ့။ ဘာလို့ဆို ကိုဟန်ထက်မောင်က ဖောင်ပိတ်ရက်တိုင်း ညစာကျွေးတယ်လေ :P။ ကြိုက်ရာ စားပဲ။ အဲလိုညဆို ကျမတို့ အလုပ်လုပ်နေတဲ့အချိန်မှာ ကဗျာရေးတဲ့ ကိုမင်းထက်မောင်တို့၊ အင်တာဗျူးရဲ့ နောက်တဆက် အယ်ဒီတာချုပ်ဖြစ်မယ့် ဦးမျိုးမြတ်သူတို့၊ နောက် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာလင်းဝေမြိုင်တို့ လာလည်လေ့ရှိပါတယ်။ ကျမက ကက်ဆက်ထဲက အသံတွေကို ဖြည်ပြီး စာရွက်ပေါ်စာစီနေချိန် ဒီဆရာတွေက ဖောင်ပိတ်ပွဲကို ပျော်ပျော်ကြီး လာဆင်နွှဲချိန်ပေါ့။ ပြီးတော့ ကာဗာကို ဘယ်လိုလုပ်ကြမယ် ဘာညာနဲ့ ဆွေးနွေးကြပေါ့။ အဲဒီမှာတော့ ကျမက တကယ့် ကလေးပဲ။ သူတို့ပြောတာတွေကို ပါးစပ်အဟောင်းသား၊ မျက်စေ့လေး ကလယ် ကလယ်နဲ့ နားထောင်။

အဲဒီကာလတွေက သင်ယူတုန်းအချိန်ဆိုတော့ အများအားဖြင့်ပျော်စရာကောင်းပါရဲ့။ လာသမျှ ဧည့်သည်နဲ့ လက်ဘက်ရည်ဆိုင်ကို တနေ့ သုံးခါလောက်ဆင်းထိုင်။ အများအားဖြင့်တော့ တိုက်ကို အလာများတာ ကာတွန်းဆရာတွေပဲ။ ကိုစိုးသော်တာတို့ ဝလုံးတို့ပေါ့ ...။ ဝလုံးက ကျမမောင်အငယ်ကောင်ရဲ့ သယ်ယင်း ဆိုတော့ သူနဲ့က အရင်ကတည်းက ခင်ပြီးသား။ ဒီကောင်က တိုက်ကို သရုပ်ဖော်ပုံတွေ လာပို့ရင်း ကျမနဲ့ လက်ဘက်ရည်ဆိုင်လာလာ ထိုင်တယ်။ နောက် တော်တီဆွေ ဆိုတဲ့ ကာတွန်းငနာ တကောင်ရှိသေးတယ်။ သူလည်း တူတူပဲ။

နည်းနည်းစိတ်ညစ်ရတာ တချိန်ပဲရှိတယ်။ အဲဒါကတော့ လေတပ်က ဟိုဗိုလ်မှူး ရုံးဆင်းချိန်ပဲ။ ၄ နာရီ လောက်ဆို ယူနီဖောင်းကြီး တကားကားနဲ့ တိုက်ကိုဝင်လာ ... တိုက်က တချို့ဝန်ထမ်းတွေကို သူ့ ရဲဘော်တွေ ငေါက်သလိုငေါက်။ ကျမတို့တော့မပါပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကတော့ စိတ် ဆင်းရဲတယ်။ အခန်းကျဉ်းထဲမှာ သူ့အသံက ဆူညံနေရောပဲ။ ဂျာနယ်တိုက်က ချက်ချင်းကို ငါးစိမ်းတန်း ရောက်သွား သလိုပဲ။ စိတ်ညစ်ပေမယ့်လည်း မတတ်နိုင်ဘူး။ ဒီလိုပဲနေရတာပဲ။ နောက် သူ့အကြောင်းသိသွားတော့လည်း ဘာမှကို မဟုတ်တော့ဘူး။ သူက တကယ်တော့ သင်္ကြန်အမြှောက်ပဲ။ မိန်းမကလည်း အလွန်ကြောက်ဆိုတော့ သူ့ရဲ့ ဝေဒနာတွေကို အိမ်မှာဖောက်ခွဲလို့ မရသမျှ ကျမတို့တိုက်မှာ လာလာ ဖောက်ခွဲတာ။ သဘောတော့ ကောင်း ရှာပါတယ်။ နောက် သူက တကယ့် စာရူးပေရူး။ စတိုင်ယာအရေးလည်း ကောင်းတယ်ဆိုပါတော့။ ကြာရင် သူ ဘယ်သူလည်း သိကုန်တော့မယ် တော်ပြီ ဒီလောက်ပဲ။

နောက်တပိုင်းကျရင်တော့ ထူးထူးခြားခြား အင်တာဗျူးအတွေ့အကြုံလေးတွေရယ် .... ကျမရဲ့ ပထမဆုံး အက်ဆေးလေး စိစစ်ရေးထိတဲ့ အကြောင်းလေးရယ် ရေးပါမယ် ... ခုတော့ ရပ်မယ်။ လက်လည်း ညောင်းလှပြီ။ ။



ဝတ္ထုတို ၁၅

ဦးပီလို့ ကျမတို့ကချစ်စနိုးခေါ်ကြတဲ့၊ ကျမတို့ သူငယ်ချင်းတွေ သိပ်ချစ်တဲ့ ဆရာတယောက် သန်လျင်မှာ သက်ရှိထင်ရှား ရှိနေဆဲပါ (အဲဒီ ဦးပီအကြောင်းကို လူသေးသေးလေး ဖြစ်ချင်တယ် ဆိုတဲ့ ဝတ္ထုလေး ရှိပါတယ်) အဲဒီဆရာ ဘီယာစမ်းဖောက်ကြည့်၊ ကျမက လိုက်လုပ်ကြည့်၊ သူက မုန့်လုပ် နည်းတွေပြ၊ ကျမက လိုက်လုပ်နဲ့ ... သူငယ်ချင်းတွေကတော့ ဦးပီနဲ့ ကျမလုပ်သမျှ ကောင်းကောင်း ဆိုးဆိုးကို အနစ်နာခံ မြည်းစမ်း ပေး ကြပါတယ်။ အဲဒီကာလတွေက ကျမတို့ သန်လျင်မြို့ကလေးမှာ ဦးပီရယ် ... အရောင်တွေ မစွန်းထင်း ကြသေးတဲ့ သူငယ်ချင်းတစုရယ် ... တကယ့်ကို လှပတဲ့ နေ့ရက်တွေကို အပူအပင် ကင်းကင်း ဖြတ်သန်းခဲ့ ကြပါတယ်။ အဲဒီရက်တွေထဲက တရက်ကို သတိရတာနဲ့ ဒီ တစ္ဆေတွေကိုခြောက်တဲ့ ည ဆိုတဲ့ ဝတ္ထုလေး ဖန်တီးဖြစ်တာပါ။

တစ္ဆေတွေကို ခြောက်တဲ့ ည
*
ဝဏ္ဏက မွေးနေ့လုပ်မယ်ဆိုတာနဲ့ ဒီနည်းကို စမ်းကြည့်ကြတာ ...။

မာလကာရွက်တွေခူး ဆိုတော့ မညည်းမငြူ။ အမေက ထမင်းအိုးတည်ခိုင်းရင်သာ အမျိုးမျိုး ကဂျီ ကဂျောင်ကျမယ် မီးသွေးမီးဖိုမွှေး ဆိုတောလည်း ပျော်ပျော်ကြီး လုပ်ပြီးသားပေါ့။ ၂ ပြည်ဝင် ဒန်အိုး ကြီးထဲ မာလကာရွက်တွေ ထည့်ပြုတ်၊ ဘီယာ ဖောက်မယ့်စဥ့်အိုးထဲမှာ သကြား ၁ပိဿာကို ထည့်ထား၊ မာလကာရွက်ပြုတ်ရည်တွေကို အဲဒီစဥ့်အိုးထဲ လောင်းထည့်။ အဲဒီစဥ့်အိုးရဲ့ အဖုံးက အရစ်ပါတဲ့ စလင်ဒါပုံ အိုးလေးလေ။ သူတို့အဖိုးအဖွားတွေ လက်ထက်က အရက်ထည့်တဲ့ အိုးလေး ထင်ပါရဲ့။ အရည်တွေ လောင်းထည်းပြီးရင် အဖုံးကို ကြပ်နေအောင် အဝတ်ခံပြီး ပိတ်ထားလိုက်တယ်။

အဲလိုပိတ်ထားတဲ့ အတိုင်း ၅ နာရီလောက်ထားရတယ်။ အဲလောက်ကျမှ စဥ့်အိုးလေးကို ဖက်ကြည့်၊ ကောင်မလေးတယောက်ကို ဖက်ရသလို နွေးနွေးလေး ဖြစ်နေပြီဆိုရင် တစေးထည့်လို့ရပြီ။ တစေး ကိုက မထည့်ခင် ဖောက်ရသေးတာ။

ပုဂံလုံး တလုံးထဲမှာ သကြားလေးနည်းနည်းထည့်၊ ရေနွေး ဆူဆူကို လောင်းထည့်ပြီး ခပ်နွေးနွေး ဖြစ်အောင်စောင့်၊ နွေးပြီဆို တစေးမှုန့်လေးတွေဖြူး၊ အပေါ်က အဖုံးအုပ်ထားလိုက်။ ၅ မိနစ်လောက် ကြာရင် ဖွင့်ကြည့် တစေးက ပေါက်ပြီး ဖောင်းဖောင်းကြီး ဖြစ်နေလိမ့်မယ်။ အဲဒါကို ခုဏက မာလကာရွက် ပြုတ်ရည်နဲ့ သကြား ရောထားတဲ့ ခပ်နွေးနွေး အိုးကြီးထဲ လောင်းထည့်၊ အလုံပိတ် ထားလိုက်။ ၃ ရက်လောက်ကြာရင် ပုလင်းသွတ်လို့ရပြီ ...။

ပုလင်းကို ဘယ်လိုသွတ်လဲဆိုတော့ ... ဗမာ့နည်း ဗမာ့ဟန်ပေါ့။ ဆိုင်ဖွန်လို့ခေါ်တဲ့ ပိုက်ကလေးနဲ့ အနည် မထအောင် ထည့်နည်းလေ။ ပုလင်းပိတ်တာကျတော့လည်း ဗမာ့နည်းဗမာ့ဟန် စိတ်ကူးတည့် သလိုပေါ့။ စက္ကူဗူးဆို့နဲ့ ကော်ချောင်းကို အစက်ချပြီး ပိတ်တဲ့နည်းလည်းပါတယ်။ ပုလင်းဖုံးကို သေချာကြပ်ပြီး ပျားဖယောင်းနဲ့ လုံအောင်ပိတ်တာလည်း ပါရဲ့။ အဓိကကတော့ သေချာလုံဖို့ပဲ။ ၁ လီတာပုလင်းတွေ အလုံး ၂၀ လောက် ရပြီဆိုတော့ အိမ်ထောင့်မှာ ဒီတိုင်း ထားလိုက်တယ်။ ၂ ပတ်လောက်ဆို သောက်လို့ရပြီတဲ့။ ဝဏ္ဏမွေးနေ့နဲ့ အတော်ပဲပေါ့။

* * * *

တကယ်က ကိုအေးကိုက ရှည်တာပါ။ သူက အီးပီစီမှာ မီတာဖတ်စာရေး လုပ်နေတဲ့ အချိန်ဆိုတော့ ... လူပျိုလူလွတ်သူ့အတွက် အီးပီစီက အိမ်ခန်းလေး တခန်းပေးထားတယ်။ အဲဒီ အိမ်ခန်းက သူတို့ မြို့လေးရဲ့ ၁၈ ကုန်းလို့ခေါ်တဲ့ နေရာ။ သူတို့ကတော့ အဲဒီနေရာကို ဝုသရင်းဟိုက်လို့ ခေါ်ကြတယ်။

ကွင်းခေါင်ခေါင်မှာ အဲဒီအိမ်ကလေးပဲ ထီးတည်း။ အိမ်ကလေးက တိုက်ပု ၂ ခန်းတွဲလေး။ တခန်းက ကိုအေးနေတယ်၊ နောက်တခန်းက ကိုအေးနဲ့ လုပ်ဖော်ကိုင်ဘက် အိမ်ထောင်သည် မိသားစုနေ ကြတယ်။

ဝဏ္ဏမွေးနေ့ ကျင်းပမယ်ဆိုတော့ ကိုအေးက “မင်းတို့ ငါ့အိမ်မှာ လာလုပ်ကြပါလား” လို့ လောကွတ် ချော်တယ်။ အားလုံးက ငပွေးတွေဥစ္စာ ... ကြိုက်တာပေါ့။ လူမနီး သူမနီး ကွင်းပြင်ကြီးမှာ အားရ ပါးရ လွတ်လွတ်လပ်လပ် ကဲရ၊ အော်ရမယ့်ဥစ္စာ ... ဒီသကောင့်သားတွေ မကြိုက်ရင် ဘယ်သူကြိုက်မလဲ။ တခုတော့ရှိတယ် .. ဘေး အခန်းမှာ လူရှိတယ် ဖြစ်ပါ့မလား ဆိုတော့ ကိုအေးက ဆောင့်ကြီး အောင့်ကြီးနဲ့ “ငါပိုင်တယ်” တဲ့။

အိုကေပေါ့ ... သူတို့ အဖွဲ့ထဲက ၂ ဦးတည်းသော မိန်းကလေးတွေက အမြည်းလုပ်မယ်။ လက်စွမ်းပြ ..။ ဝက်သားနဲ့ အမဲသားကို ပါးပါးလှီးပြီး ဆာတေးလုပ် ကျွမ်းကျင်သူကတော့ မမိုးစီပေါ့။ နောက် တယောက်ကတော့ ဟိုလိုလို သည်လိုလိုနဲ့ ... ဈေးလေး လိုက်ပေး .. ဆွဲခြင်းလေး ဝိုင်းဆွဲပေး ... ဒီလောက် ပါပဲ။

ညနေစောင်းတော့ သူတို့ရဲ့ပုလင်းတွေကို ခြင်းထောင်းတွေထဲထည့်။ ဒီဟာက တကယ် မူး၊ မမူး မသေချာတော့ ဝဏ္ဏက ဂရန်းလေး ၂ လုံး ဝင်ဆွဲခဲ့လိုက်တယ်။ ကိုအေးနေတဲ့နေရာ မြို့ပြင်မှာ၊ ညောင်သုံးပင်လို့ ခေါ်တဲ့ ခရစ်ယာန်သင်္ချိုင်းကုန်းကို ဖြတ်သွားရမှာ။ တော်တော်လေးလည်း ဝေးတော့ ဘီလီဆိုတဲ့ ကုလားလေးက သူ့ကားလေးနဲ့ ကြိုပို့လုပ်ပေးရှာတယ်။ ဒီတိုင်းတော့ ဘယ်လုပ်ပေးမလဲ ... သူလည်း ဒီအဖွဲ့ထဲ ပါတာကိုး။

ဆိုင်ကယ်ကလည်း ၂ စီးပါသေးတယ်။ ကားပေါ်မှာတော့ လူ ၆ ယောက်ရယ်။ ဝက်သား၊ အမဲသား ဗန်းတွေရယ်။ ကိုအေးကြီးအိမ်ကို ချီတက်သွားကြတယ် ဆိုပါတော့။ ကိုအေးရဲ့ ဂေဟာလေး ရောက်တော့ အိမ်ရှေ့ကနေ ခါးထောက်ပြီး ဆီးကြိုနေလေရဲ့။ သူ့အိမ်ကလည်း တကယ့်ကို သူတယောက်ထဲ နေလို့ရမယ့်အိမ်။ ၁၀ ပေပတ်လည်တောင် မရှိချင်ဘူး။ ဒီတော့ဘယ်သူမှ အိမ်ထဲ မဝင်ကြပါဘူး။ ရောက်တာနဲ့ အထုပ်တွေချပြီး အသားကင်ဖို့ မီးမွှေးကြတာပဲ။

* * * *

တကယ်က ကိုအေးမဆတ်ဆော့ရင် ဒီဇာတ်လမ်း ဖြစ်လာစရာ အကြောင်းကို မရှိဘူး။ အားလုံးက သူတို့ဘာသာလုပ်ထားကြတဲ့ ဘီယာပုလင်းတွေကို မြည်းကြည့်ချင်လှပြီ။ မီးမွှေးလို့ မပြီးသေးခင်မှာ ပုလင်းတွေကိုဖွင့်ပြီး စသောက်ကြည့်နေကြပြီ။

“အမယ် ဂတ်စ်အများကြီး မထတာကလွဲရင် တကယ့် ဘီယာ အရသာပဲဟ” လို့ အရင်ဆုံး စသောက် ကြည့်တဲ့ ကိုနောင်ကြီးက ပြောလိုက်တာနဲ့။ အားလုံးက ဝိုင်းမြည်းကြည့်ကြတယ်။ အရသာကတော့ မန္တလေး မန်းသီတာဥယျာဉ်ထဲမှာ ၉၀ ပြည့်နှစ် မတိုင်ခင်လောက်က ပုလင်းညိုလေးတွေနဲ့ ထည့်ရောင်း တဲ့ စည်ဘီယာ အရသာနဲ့ ခပ်ဆင်ဆင်။ ကိုယ့်ဘာသာ လုပ်တာဆိုတော့ အယ်လ်ကိုဟော ပါးဆင်း တေ့ခ်ျ က နည်းနေတယ်။ ကိစ္စမရှိဘူးလေ ...။ ဝဏ္ဏ ယူလာတဲ့ ဂရန်း ရွှေပတ်ကလေးကို ဖြည်လိုက် ကြတာပေါ့။

အကင်တွေက မကျက်သေးဘူး လူတွေက ထွေချင်နေပြီ...။ ဟက်ပီးဘက်ဒေးကို သံသေး သံကြောင်နဲ့ အော်ကြတယ်။ ပါလာတဲ့ဂစ်တာကို တဂွမ်ဂွမ်တီးရင်း ဝဏ္ဏက သူ့ရဲ့ အချိုးမကျ မလှပတဲ့ ဒူးရှည်ကြီး တွေနဲ့ ကိုးယိုးကားယား ကတယ်။

အဲဒီမှာ ကိုအေးက ခပ်တိုးတိုး လာသတိပေးတယ် “ ဟေးယောင်တွေ ဟိုဘက်ခန်းက လူတွေက သရဲ အရမ်းကြောက် တတ်တာနော်။ ခု ... မင်းတို့ကို ကြည့်ပြီး လန့်နေပြီ” တဲ့။

အဲဒီအချိန်မှာ ဝဏ္ဏက သူမွေးနေ့လက်ဆောင်ရထားတဲ့ သံပုရာခွံပုံစံ ဦးထုပ်လေးကိုဆောင်းလို့၊ လက်ဆောင်ရထားတဲ့ အသစ်စက်စက် အောက်ခံဘောင်းဘီ ကိုကျတော့ သူဝတ်ထားတဲ့ ဂျင်းဘောင်း ဘီရှည်ကြီးပေါ်က ထပ်ဝတ်လို့ ကွေးနေအောင် ကနေပြီ။ သရဲကြောက်တယ်လည်း ဆိုရော။ အားလုံးက ခပ်ထွေထွေနဲ့ အမဲသား ဝက်သား ကင်တွေကို မြှောက်မြှောက်ပြီး ... လာစားကြပါ ခေါ်လိုက် .. တဟားဟား ရယ်လိုက် ... အူမြူးလို့ ပိုကောင်းသွားကြတယ်။

တစိမ်းဆိုလို့ အဲဒီဘေးခန်းက လင်မယားရယ်၊ မိန်းမလုပ်သူရဲ့ အဖေကြီးရယ်၊ ကလေးလေးရယ်ရှိတာ။ ကွင်းပြင်ကြီးက ကျယ်လွန်းလို့ သူတို့ဘယ်လောက်အော်အော် ဘယ်သူမှ မကြားတဲ့ နေရာပေါ့။ အဲဒီတော့ ဂစ်တာတီးလိုက် အမေဂျမ်းကို ပင့်လိုက် ... ကိုကြီးကျော်ကို ခေါ်လိုက် ...။ ခဏနေတော့ ကိုအေးကြီးက လာ သတိပေး ပြန်ရော ..။

ကွင်းထဲဆိုတော့ လေကလည်း တဝူးဝူးတိုက်နေတာ။ ဇော်လေးက မြက်ခင်းပေါ် ပက်လက်လှဲလိုက်ပြီး ဒီမှာပဲ အိပ်တော့မယ်ကွာ ... လုပ်နေလို့ မနည်းဆွဲထူရတယ်။ မီးဖိုမီးကရဲရဲ ... လျှပ်စစ်မီးက ရှိတယ် ဆိုပေမယ့် ၄၀ အား မီးလေး တလုံးပဲ အိမ်ထဲမှာ ထွန်းထားတာ ဆိုတော့ လူရိပ်တွေက တကယ့်ကို တစ္ဆေသရဲတွေ ကနေသလိုပဲလေ။

“ဟေးယောင်တွေ။ ဟိုဘက်ခန်းက လူတွေ ကြောက်နေပြီကွ”

ကိုအေးက အဲလိုပြောလေ။ သူတို့ကို သတိပေးသလိုဖြစ်လေနဲ့ .... အော်လို့ ပိုကောင်း ... ခေါ်လို့ ပိုကောင်းလေ၊ မြူးလေနဲ့ ည ၁၁ နာရီကျော်လာတော့ လူစုခွဲပြီး ပြန်ဖို့ ပြင်ကြတယ်။ မပြန်လို့လည်း မဖြစ်တော့ဘူး။ စားစရာကော သောက်စရာပါ ကုန်ပြီလေ။ သူတို့ အသံတွေလည်း ဝင်နေပြီ။ အမဲသား တပိဿာ၊ ဝက်သား တပိဿာ ဆိုတာ နည်းတာမှတ်လို့။ အဲဒါတောင် ဝဏ္ဏက မဝဘူး လုပ်နေသေး ..။ ကွင်းပြင်ကြီးကို တိုင်တည်ပြီး သူစားမယ့် အသားတွေ ဘယ်သူလားစားလဲ၊ ဘာလဲ လုပ်နေလို့ မနည်း ချော့မော့ပြီး ပြန်ဖို့လုပ်ရတယ်။ ပုလင်းတွေ အားလုံးပြောင်ပြီ ... ။ ဟုမ်းမိတ်ဘီယာကတော့ ဟုတ်တာ မဟုတ်တာ အသာထား အဲဒီညက နာမည်တော့ အတော်ရလိုက်တယ်။ အားလုံးက ဘာပဲလာလာ မူးရင်ပြီးပြီ ဆိုတဲ့ဟာတွေ ဆိုတော့လည်း သိပ် အပြစ်တင်မခံရဘူးပေါ့လေ။

မွေးနေ့ရှင်ဝဏ္ဏရယ်၊ ဇော်လေးရယ်က ကိုအေးကြီးနဲ့ အိပ်ကျန်ခဲ့မယ်လုပ်လို့ ထားခဲ့ရတယ်။ ဘယ်လိုမှ ခေါ်လို့မရဘူး။ ပေကပ်ပြီး ကျန်ခဲ့လေရဲ့။

အပြန်ကျတော့ သူတို့ကားလေးက ညောင်သုံးပင် သင်္ချိုင်းရှေ့မှာ ထိုးရပ်သွားလို့ ဆင်းတွန်းကြရသေး တယ်။ ဒါပေမယ့်လည်း ခပ်တည်တည်ပါပဲ။ အားလုံး မူးနေတာ ဆိုတော့ ကြောက်ရကောင်းမှန်းလဲ မသိပါဘူး။ ကိုယ့်အိမ် အသီးသီးကို ရောက်တဲ့ထိ အားလုံး အော်ဟစ်နေဆဲပဲ။

* * *

မနက်ကျတော့ အားလုံး ပုံမှန်နိုးလာကြပါတယ်။ ထုံးစံအတိုင်း လပ်ကီးလက်ဘက်ရည်ဆိုင်ကို ချီတက် ကြတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ဝဏ္ဏနဲ့ ဇော်လေးကိုတွေ့ကြတယ်။ လက်ဖက်ရည် ခွက်လေးတွေ ရှေ့ချပြီး စကားလည်း မပြောဘဲ ငိုင်နေကြလေရဲ့။ ဝဏ္ဏက စပြောတယ် ...

“တရေးမှကို မအိပ်ရသေးဘူး ....”
“ဟုတ်ပါ့ကွာ .. တညလုံးကို မအိပ်ရသေးဘူး။ အဲဒါ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်မလို့ကို ... ကိုအေးက အတင်းနှိုးပြီး ချောင်းထဲမှာ ရေသွားချိုးမယ် ဆိုလို့ ထချိုးရသေးတယ်” လို့ ဇော်လေးက ဆက်ပြောတယ်။
“အဲဒါက အရေးမကြီးပါဘူး။ ညက တော်တော် ပြဿနာ တက်သွားတာ” လို့ ဝဏ္ဏ ပြောလိုက်တော့ အားလုံး စိတ်ဝင်စားသွားကြတယ်။ ညက သူတို့ ပြန်လာတဲ့ ရှေ့ပိုင်းလေးကို သိပ်မမှတ်မိ ချင်ကြ တော့ဘူးလေ။

ဖြစ်ပုံကို ဝဏ္ဏကပဲ နတ်သံနှောပြီး ရှင်းပြတယ်။ သူတို့တွေ ပြန်လာကြတော့ ဝဏ္ဏနဲ့ ဇော်လေးရယ် ကိုအေးကြီးရယ်ပဲ ကျန်တော့တဲ့အချိန်။ လူနည်းသွားပြီဆိုတော့ ဂစ်တာလေးတီးပြီး ငြိမ့်မလို့လုပ်တုန်း ဘေး အခန်းက တစခန်း ထတော့တာပဲတဲ့။ အားလုံး တိတ်ဆိတ်သွားချိန်မှာ ဘေးအခန်းက အဘိုးကြီးကို တခုခု ဝင်ပူးတာ ဆိုပဲ။ သူတို့ သွားကြည့်တော့ အဲဒီတခုခုက ပူးပြီး ပြောနေတာတဲ့။ ဘာတွေ ပြောလဲ တော့ သူတို့ မသည်းကွဲကြဘူး။

ခဏ နေတော့ ပြန်ထွက်သွားတယ်တဲ့။ ဒါပေမယ့် မပြီးဘူး။ အားလုံး ငြိမ်သွားတဲ့အချိန် သူတို့ရဲ့ လေး ငါးနှစ်အရွယ်ကလေး ဖျားလို့တဲ့။ ကိုအေးကို ခေါ်ပြောပြန်ရော ... ။ အဲဒီအချိန်မှာ သူတို့က အိပ်တောင် ပျော်နေကြပြီ။ အော်သံ ဟစ်သံတွေကြောင့် လန့်နိုးသွားရတာနဲ့ သူတို့လည်း ဆက်မအိပ်နိုင်တော့ဘူး။ ကလေးကလည်း တကယ်ဖျားတာလို့ ပြောတယ်။ ညဦးက အကောင်းကြီးပဲ ခုဖျားတာဆိုတော့ နတ်ကိုင်တာပဲဖြစ်မယ်လို့ ကလေးအဖေက ပြောတယ်တဲ့။ အဲလိုနဲ့ နတ်ဝင်ပူးလိုက်၊ သရဲဝင်ပူးလိုက်၊ ကလေးဖျားတယ်ဆိုပြီး အော်လိုက်နဲ့ သူတို့ ၂ ယောက် တညလုံးမအိပ်ရတော့တာတဲ့။

“ခု ကိုအေးကြီးကော” လို့ ကိုရဲက မေးတော့ ဟိုဘက်ခန်းက လူတွေနဲ့ စကားပြော ကျန်ခဲ့တယ် လို့ ပြောကြတယ်။

* * *

တရားခံက ကိုအေးပဲ။ တကယ်က အဲဒီသူ့ဘေးအခန်းက လူတွေက နတ်တွေ၊ တစ္ဆေ၊ သရဲတွေကို အရမ်းယုံပြီး ကိုးကွယ် တာကို သူက ကြည့်မရတာနဲ့ မှတ်လောက်သားလောက်အောင် ပညာ ပေးချင်လို့တဲ့။ ဒါပဲ။ ကြည့်မရလည်း ဘယ်တတ်နိုင်မလဲ သူတို့ဟာ သူတို့ နေတဲ့ ကိစ္စ ကိုယ်က ဘာပြောနိုင်မှာ မို့လို့လဲ။

ဒါပေမယ့် သူက အေးအေး မနေဘဲ ဒီအုပ်စုကို ခေါ်ပြီး မြှောက်ပေးတာ။ ဒီလူတွေက ဘာမှန်းမသိ၊ ညာမှန်းမသိ မူးရူးပြီး အော်ချင်ရာ အော်၊ ရွတ်ချင်ရာရွတ် လုပ်ကြတာ။

သူ မီတာလိုက်ဖတ်တဲ့ စက်ဘီးလေးကို ဒေါက်ထောက်ပြီး လပ်ကီးထဲ ဝင်လာတာကို အားလုံးက မျက်ခြေမပျက် ကြည့်နေကြတယ်။ သူလာမှ သတင်းစုံ သိရမှာ မဟုတ်လား။ သူ စားပွဲမှာ ဝင်ထိုင် လိုက်တာကို အားလုံးက ဘယ်လိုလဲဆိုတဲ့ မေးခွန်းမျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။ သူကလည်း သိပါတယ်။ သူတို့ကို ပြုံးစေ့စေ့နဲ့ ကြည့်တယ် ပြီးတော့ ....

“ညက မင်းတို့ အမဲသား ခေါ်ခေါ်ကျွေးတဲ့ သရဲက အဖိုးကြီးကို ဝင်ဝင်ပူးတာတဲ့ကွ”
“ဟင် ဝင်ပူးပြီး ဘာပြောလဲ” လို့ ကိုနောင်ကြီးကဝင် မေးတယ်။
“အဲဒါ သရဲက သူ တကယ် အမဲသားမစားရလို့တဲ့။ သူ့ကို ခေါ်တုန်းက ခေါ်ပြီး မကျွေးလို့တဲ့”
အားလုံးက ကိုအေးကိုပဲ စိတ်ဝင်တစားကြည့်နေကြတယ်။ သူတို့ဘဝမှာ ဒါမျိုး တခါမှ မကြုံဖူးတာဘဲ။ ဝဏ္ဏကတော့ မနေနိုင်ဘူး ... “နေပါဦး .. ခေါ်ကျွေးသားပဲ။ သူ့ဟာသူ ကျနော်တို့စားသလို ဝင်ယူစားပေါ့” လို့ ဝင်ပြောတယ်။

“မရဘူးကွ ... အဲလိုလုပ်လို့မရဘူးတဲ့။ သေချာကျွေးရမှာတဲ့။ အဲလို မကျွေးရင် ကလေးကို တခုခု လုပ်မှာတဲ့။ အဘိုးကြီးက ငါ့ကိုပြောတယ်ကွာ။ အမဲသား တပိဿာဖိုးနဲ့ ကန်တော့ပွဲကြေး ဘာကြေး ညာကြေးတွေကို ငါကပေးရမယ်တဲ့။ မပေးရင် ငါ့ကို အီးအီးနဲ့ တိုင်မယ်တဲ့ကွ။ ပြီးတော့ သူ့ကို မကျွေးမချင်း ညတိုင်း ဝင်ပူးနေရင် ငါ အိပ်ရမှာ မဟုတ်ဘူးတဲ့။ အဲဒါနဲ့ ငါလည်း ဘုံပျောက်မှာစိုးလို့ မီတာဖိုး ပိုက်ဆံတွေထဲက ၂၀၀၀ ထုတ်ပေးခဲ့လိုက်တယ်။ အဲဒါ မင်းတို့ ငါ့ကိုပြန်ပေးကြကွာ”

ဘယ်တတ်နိုင်မလဲ ... ပေးလိုက်ရတာပေါ့။ မပေးနိုင်ရင် ဒီလူကြီး ပြဿနာတတ်မှာလေ။ အဲဒီတုန်းက ၂ ထောင်ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ လက်ဘက်ရည်တခွက်တောင် ၁၀ ပဲရှိသေးတာ။

ဇာတ်လမ်းကတော့ ဒါပါပဲ။ အမဲသားကို တကယ်ပဲ အဲဒီသရဲက စားလား မစားလားတော့ သူတို့ သွားမကြည့်ဖြစ်လို့ မသိပါဘူး။ ကိုအေးပြောတာတော့ နောက်နေ့ကစပြီး ကလေးလည်း မဖျား တော့ဘူး။ မာမာချာချာပဲတဲ့။ အဘိုးကြီးကိုလည်း သရဲက ဝင်မပူးတော့ပါဘူးတဲ့။ သရဲဆီက စွန့်တဲ့ အမဲသား ဟင်းတခွက်တောင် ကိုအေးကို ပို့ပေးသေးတယ်ဆိုပဲ။ ဝဏ္ဏကတော့ သရဲတွေက အမဲသားကို အစိမ်းစားလား၊ နှပ်စားလား ရီဆာ့ခ်ျလုပ်ကြည့်ချင်သေးတယ်တဲ့။

ဒီပွဲမှာ တယောက်ယောက်တော့ ပညာရသွားတာ အမှန်ပဲ။ ဘယ်သူကပညာပေးပြီး ဘယ်သူက ပညာရသွားတာလဲတော့ မသိဘူး။ သြော် ကိုအေး ပိုက်ဆံ ၂ ထောင် ထုတ်ပေးချိန်မှာ အဘိုးကြီးက တခွန်းတော့ ပြောလိုက်သေးတယ် ...။

“အေးကွ ကိုအေးရ။ အဘက ညတုန်းက မင်းတို့ အမဲကင်နံ့ရပြီး စားချင်နေတာ။ ရွာမှာ ဆိုရင်တော့ ထရေလေးနဲ့ပေါ့ကွာ” တဲ့။

တော်သေးတယ်။ သရဲက အမဲသားပဲစားချင်လို့သာပေါ့ ... ညက သူတို့သောက်တဲ့ ဘီယာမှ သောက်ချင် ပါတယ်ဆိုသွားပြီ... ဝယ်လို့လည်းမရဘူးလေ။ သူတို့အားလုံးရဲ့ စိတ်ထဲမှာတော့ အသိတရားလေး တခု ရသွားပါတယ်။ သရဲပဲဖြစ်ဖြစ် တစ္ဆေပဲဖြစ်ဖြစ် ခေါ်ပြီးရင် သေသေချာချာကျွေး။ သေသေချာချာတိုက်။ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းရလိမ့်မယ်။



မိုကထ စာမျက်နှာများ

ခု တရက် နှစ်ရက် စာတွေပဲ ဖတ်နေချင်မိတယ်။ မရေးချင်ဘူး။ ဒါပေမယ့် တဘက်ကလည်း စက်နဲ့ လှည့်ထုတ်သလို တချောက်ချောက်နဲ့ ရေးနေရတဲ့ ကိစ္စတွေက ရှိနေပြန်ရော။ အဲလိုတွေ ရေးနေရလေ စာက မရေးချင်လေ ...။ စာတွေပဲ ဖတ်ချင်လေ ...ဖြစ်နေပြန်ရော။ ပျင်းခွေခေါက်ပြီး စာအုပ်တအုပ်နဲ့ ငြိမ့်ရတာ မဟုတ်ပေမယ့် ဘလော့တွေမှာ စာတွေ လိုက်ဖတ်ရတာလည်း အရသာ ရှိတာပဲ။

ဘာနဲ့တူလဲဆိုတော့ ထိုင်းမှာ မိုကထ စားနေရသလိုပဲ။ ထိုင်းမှာနေတဲ့သူတွေကတော့ မိုကထ သိပြီးသားပါ။ မသိတဲ့သူတွေကို ပြောပြမယ် ..။ သူက အသားတွေ၊ ငါးတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေကို အစိမ်းကော၊ အကင်ကော၊ အသုတ်ကော၊ အကြော်ကော မျိုးစုံ ပြင်ဆင် ပေးထားတာ။ အဲဒါကို ကိုယ့်စားပွဲပေါ်က မီး မြိုက်ထားတဲ့ အိုးလေးနဲ့ ကြိုက်သလို လုပ်စားရတာပါ။ ကင်ချင်ကင်၊ ပြုတ်ချင်ပြုတ်။ ကြော်တာ သုတ်တာကတော့ အဆင်သင့် ရှိပြီးသား ယူစားရုံပဲ။ ပုစွန်ထုပ်ကြီးတွေ ကင်စားချင်ရင်တော့ မီးကို လူတွေနဲ့ ဝေးရာမှာ သပ်သပ် ဖိုပေးထားတယ်။ အဲဒီမှာသွားကင်ပြီး ကိုယ့်စားပွဲ ယူလာစားပေါ့။

အချိုပွဲ ဆိုလည်း သစ်သီးစုံ။ ထိုင်းရိုးရာ မုန့်အချိုစုံ၊ ကိတ်မုန့်၊ ပူတင်း၊ အိုက်စကရင်မ် စုံပလုံနေအောင် ထား ပေးထားတယ်။ အဲဒါတွေကို ကြိုက်သလို ယူစား၊ စားနိုင်သလောက်စား၊ စားပိုးနင့်အောင်စား ... တယောက် ဘယ်လောက် ဆိုပြီး ရှင်းရုံပဲ။ ဘီယာ၊ အရက်၊ အချိုရည်တွေ အတွက်ကတော့ သပ်သပ် ရှင်းရတယ်။ အင်း စာအကြောင်းရေးရင်းနဲ့ ဝါးတီးကို ရောက်သွားပြီ :P (တူးတူးသာ ဆိုတာ အဲလိုလည်း ချော်တောငေါ့ပါတယ်)

ပြောချင်တာက စာတွေလိုက်ဖတ်ရတာ မိုကထ စားနေရသလိုပဲ အရသာစုံ၊ အတွေ့အကြုံဆုံ၊ အံ့မခန်း အရေးအသားစုံ၊ စိတ်ကူးစုံ ရှိတယ်၊ အဲဒါတွေထဲက ကိုယ်ကြိုက်ရာကို ယူဖတ်ရုံပဲ ဆိုတာပါ။

မနေ့ကတော့ ရုံးပိတ်တာနဲ့ ကျမဘလော့လေးကို ဟိုသည် ကလိရင်း ကျမဝင်ချင်တဲ့ ဘလော့တွေဆီ အလွယ်တကူ သွားချင်စိတ်ဖြစ်မိတယ်။ ကျမက ကျမရဲ့ ဘလော့လစ်စ် ခေါင်းစဉ်ကို ဘော်ဘော် ဘလော့ဂါ တွေလို့ ပေးထားတဲ့အတိုင်း ပထမတော့ ကျမနဲ့ (အွန်လိုင်းမှာ၊ အပြင်မှာ သို့မဟုတ် ၂ ခုလုံး မှာ) တကယ်ရင်းနှီးတဲ့ ဘလော့ဂါ မိတ်ဆွေတွေ စာရင်းကို ချိတ်ထားတာကိုး (အဲဒီဘလော့တွေက ကျမ တကယ်လည်း သေသေချာချာဝင်ဖတ်တဲ့၊ ကြိုက်လည်း ကြိုက်တဲ့ စာမျက်နှာတွေပါ)

ကျမထပ်ဖြည့်ချင်တဲ့ ဘလော့တွေရဲ့ ပိုင်ရှင်တွေက ကျမနဲ့ မရင်းနှီးသူတွေ ပါတယ်ဆိုတော့ စိတ်ထဲ ဘော်ဘော်ဘလော့ဂါတွေ ဆိုတဲ့စာရင်းအောက် ဖြည့်လို့ဖြစ်ပါ့မလား ဆိုပြီး အလုပ်မရှိ အလုပ်ရှာ စဉ်းစားလိုက်သေးတယ်။ ဒီတော့ တခြားခေါင်းစဉ်နဲ့ လင့်ခ်လေးပဲ လုပ်မလားပေါ့ ...။ အဲလိုကျတော့ လည်း မလုပ်ချင်ပြန်ဘူး။ ဘလော့လစ်မှာမှ ဘယ်သူက အသစ်တင်နေပြီ၊ ဘယ်သူဟာဖြင့် အရင် တပတ်ကျော်က ပို့စ်ကြီးပါလား ... အဲလိုတွေ့နိုင်တာကိုး (အဲဒီတော့ အသစ်ဗျို့ အသစ် ဆိုပြီး သွား သွားအော်လို့ ရတာပေါ့ အဟဲ။ မရေးလို့ကတော့ တွေ့ပြီသာမှတ်)

ဥပမာ - အစ်မ မေငြိမ်းစီဘောက်စ်ကို သွားပြီး ဖတ်ရတာ မဝဘူးဗျို့ (သူ့မြသီလာက ကောင်းခန်းတွေ မှာ ဖြတ်ဖြတ်ထားလို့) ဆိုပြီးအော်။ ကိုအောင်သာငယ်ရေ ခေါင်းကိုက် မြန်မြန် ပျောက်ပါစေ (ပျောက်စေ ချင်တာက နည်းနည်း သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေ မြန်မြန်ဆက်ရေးပါလို့ ပြောချင် တာ)။ ထူးမြတ်တကောင်တော့ သူ့ကိုယ်သူ ကလေးဆိုပြီး လူကြီးတွေ နားမလည်တဲ့ စာတွေ ရေးနေပါလား၊ နားမလည်ဘူးပြောရင် ညံ့ရာကျမယ် လာဖတ်တယ်နော် တခွန်းပဲ မိတ်မပျက်ရုံ အော်ခဲ့ဦးမှ။ အဲလိုတွေပေါ့လေ။

ကျမဖတ်ချင်တဲ့ ဘလော့တွေကို ဘလော့လစ်ထဲပဲ ထည့်ချင်တယ်လို့ ပြောချင်တာပါ။ အဲဒီမှာ မနေ့က ကိုယ့်ဘာသာ အားတင်းပြီး ချိတ်ပြီကွ ဆိုပြီး ချိတ်လိုက်ရော။ ပန်ဒိုရာ၊ ကောင်းကင်ကို၊ ကလိုဆေးထူး၊ ကိုနဗန၊ ကိုတောကျောင်း တို့ကို ထပ်ချိတ်လိုက်တာ။ သူတို့ကို အသိလည်း မပေးဘဲ ငါ့ရဲ့ သယ်ရင်း တွေလို လုပ်လိုက်လို့ ကောင်းပါ့မလား ... စဉ်းစားပြန်ရော။ စိတ်ကိုရှုပ်နေရောပဲ။

ဒါပေမယ့် ကျမက စာချင်းသိရင် လူချင်းသိတယ်လို့ ထင်တာလေ ..(ဦးမိုးဒီကြီးကို အပြင်မှာတွေ့ တော့ ငါနဲ့သိဖူးတဲ့လူကြီးထင်တယ်ဆိုပြီး ပြုံးပြမိသလိုပေါ့ :P) စာတွေကို အရမ်း သဘောကျတော့ကား ဒါလည်း သယ်ယင်း ဖြစ်နိုင်တာပဲလေ ဆိုပြီး စိတ်ကို ဒုံးဒုံး ချလိုက်ပါတယ်။ ပြီးမှ သူရို့စီပုံးလေး တွေသွားပြီး အကြောင်းမကြားဘဲ ဘော်ဒါစာရင်းသွင်းလိုက်မိလို့ တောင်းပန်ပါတယ် ဆိုပြီး သွားလေး ဖြီးပြခဲ့ပါတယ်။

ခုတော့ အေးဆေးပဲ စာဖတ်ချင်ရင် ကျမဘလော့ကို အရင်ဖွင့်လိုက်တယ် ကျက်သရေမရှိတဲ့ ကိုယ့်စာတွေကို လုံးဝမကြည့်ဘဲ စီပုံးလေးကို တချက်ကြည့် ပြီးရင် ဘယ်သူအသစ်တက်နေလဲ ကြည့်။ အဲဒီမှာ ဟဲတော့ ကိုနဗနက မခင်ဥာဏ်ရဲ့ တည်ကြက်လည်း ကြည့်ဦး ဆိုပါလား။ ဟာ မမေငြိမ်းက “မြသီလာ ၉” တဲ့ဟေ့။ ဟင် ထူးမြတ်ကြီးက အောင်ချိမ့်ရဲ့ ဂန္ထဝင်မမ ကို ခပ်တည်တည်နဲ့ တင်ထား ပါလား (သူ့ဟာသူ စာရေးရမှာ ပျင်းလို့ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ပွတာပဲ)။ သြ .. ဂစ်တာနဲ့ဂီတ ပိုင်ရှင် သွားတိုက်ဆေး တယောက် အရင် အပတ်က နယူးတပ် ဆိုတဲ့ အိုးလ်တပ်ကြီးက မတက်သေးဘဲကိုး၊ သွားအော်လည်း အိပ်ချင်ယောင် ဆောင်နေဦးမှာ။ အမယ် ပန်ဒိုရာက မြို့ပြ၏ တောထဲတောင်ထဲ တိုးကြည့်ခြင်းတဲ့၊ ဝတ္ထုအသစ်ထင်တယ် (သွားကြည့်တော့ သူ တောတကယ်တိုးတဲ့ အကြောင်း ဖြစ်နေပါရော :P)

ဟ ဂျူလိုင်အိပ်မက်က ညနေထဲက မထွက်သေးပါလား သွားအော်မယ် (တကယ်တော့ သူက အသစ် တက်နေပြီ၊ ကိုယ့်စာမျက်နှာက အပ်ဒိတ်မလုပ်တာလေ ဟီးဟီး မအော်တော့ဘဲ ဖတ်ပြီးတော့ ခပ်ကုပ် ကုပ် ပြန်လာခဲ့တယ်)။ ဟိုက်ရှားပါး ကိုတောကျောင်းက ဧပရာယ်တမနက်ခင်း ဖူးစာရှင်ကောင်မလေး နှင့် တွေ့ဆုံခြင်း ဆိုပါလား (တွေ့တဲ့အချိန်မှာ အလုပ်မတရားရှုပ်နေလို့ ချက်ချင်း မဖတ်ရဘူး။ ခုဏကမှ ဖတ်လိုက်ရ။ ကောင်းလိုက်တာ)။ သြော် တို့အစ်မ မမိုးချိုတယောက် မေတ္တာနဲ့ ဆောက်တဲ့ အိမ်လေးထဲ ပျော်နေထင်ပါ့ (အိပ်ပျော်နေတယ် ပြောတာ :P)

အာယဲဖေ ဆုမွန်လည်း တူးဒေးအဂိုးမှာ စပျစ်သီးတွေစားတုန်း (သွားတွေကျိန်းမယ် ညီမလေး)။ ဟန်သစ်ငြိမ်တယောက်တော့ ပါးစပ် တပေါက်နဲ့ အလုပ်ရှုပ်ရင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ အက်ဆေးတွေ တပုဒ်ပြီးတပုဒ် အိုင်ဒီယာ ရနေပုံ ရတယ်။ သင်ကာကတော့ အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား တဲ့ (အသစ်တော့ အသစ်ပဲ ဒါပေမယ့် ကြောက်တာနဲ့ သွားမဖတ်ရဲသေးဘူး)။ တို့ မမ ခင်မင်းဇော်လည်း ရေတိုက်ပွဲဝင်ပြီးတဲ့နောက် မအားရှာ လို့ထင်ပါရဲ့ သူ့ ထောင်ဇာတ်လမ်းတွေကလည်း ဖတ်လို့ မရိုး ဆိုတော့ ဆက်ဖတ်ချင်နေပြီ (အင်း အော်ရမှာလည်း အားနာတယ် ဘယ်လိုလုပ်ရပါ့)

ဟဲဟဲ ပျော်စရာကြီးနော် ... စာတွေမှ တဝကြီးဖတ်စမ်းပဲ။ အဲဒီလူတွေကနေတဆင့် သူတို့ ပြန်လင့်ခ် ထားတဲ့ သူတွေဆီဆက်သွား ...။ ကြိုက်တဲ့စာဆို သေချာဖတ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာက ကျမ တယောက်ထဲနဲ့ပဲဆိုင်ပါတယ်။ ကျမက အိုက်စကရင်မ် ကြိုက်ပေမယ့် တခြားတယောက်က ကြိုက်ချင်မှကြိုက်မှာကိုး။ သူက ကျမကို ကြက်ခြေထောက်သုပ်ကလေး စားကြည့်ပါလား ကောင်း တယ် လို့ ပြောပေမယ့် ကျမက မကြိုက်တာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကို တခြားတယောက်က အရမ်းကြိုက်ချင် ကြိုက်နေမှာပေါ့လေ။

အဲဒီထဲမှာ စတော့ခ် (စတော့ပ် မဟုတ်ပါ) လုပ်ထားတာက ရှိသေးတာ။ ကိုနဗနရဲ့ ဘလော့လေ။ သူ့စာတွေကို အရမ်းကြိုက်တော့ ကုန်သွားမှာ စိုးလို့ ဖြည်းဖြည်းချင်းဖတ်တာ။ သူက တကဏ္ဍခြင်း ဖတ်လို့ရတော့ အဆင်ပြေတယ်။ ကဏ္ဍတခုပြီးသွားလိုက် တခွိခွိနဲ့ ရယ်လိုက် ရပ်ထားလိုက်။ ဟို အမတ်ကြီး ကြံစုတ်သလိုပေါ့ ဟီးဟီး။ အဲဒီတော့ တခြားလူတွေ အသစ်မတင်ရင် သူ့ဆီသွားလိုက်တာပဲ မပိုင်လား။

အင်း .... မရေးဘူး မရေးဘူးနဲ့ အတော်ကို ရေးဖြစ်သွားပြီ။ တကယ်က ဝတ္ထုတို တပုဒ် ထပ်ရေးမလို့။ ကျမရဲ့ ထုံးစံအတိုင်း ဟိုလှည့် ဒီလှည့်နဲ့ ရေးရမှာ ကြောက်နေတာနဲ့ပဲ ... ခု ဒီ ဘာမှန်းမသိတဲ့ စာကို ရေးဖြစ်သွားတာ။

ကဲ မိုကထ ဆိုင်ထဲတော့ ဝင်လိုက်ပြီ ...ကျမဘလော့လေးကတော့ အဲဒီမှာ ခင်းကျင်းထားတဲ့ထဲက တတုံး တလေလောက်ပဲ နှိုက်ယူရတဲ့ ဝက်အဆီခဲဖြစ်နေမလားဘဲ။ သူက စားဖို့မဟုတ်ဘူးလေ ... ကင်တဲ့ အိုးကင်း မကပ်ဖို့ ဆီထွက်နေအောင် တင်ထားရတာ :(



စုတ်ချက်ဖြင့် အလှတရားဖန်ဆင်းသူ သို့မဟုတ် ...

ဒီမနက် အီးမေးလ်ဖွင့်လိုက်တာနဲ့ ကိုစိုးဝင်ငြိမ်းပို့ထားတဲ့ တကြောင်းထဲသောစာတန်းကလေးက ဆီးကြိုလို့နေပါတယ်။ အဲဒါကတော့ ဘယ်လိုမှ မင်္ဂလာမရှိနိုင်တဲ့ သတင်းတပုဒ်ပါ “ခုမနက် ၇ နာရီ ၁၅ မိနစ်က ပန်းချီဝသုန်တယောက် တီဘီရောဂါနဲ့ ကွယ်လွန်ရှာပြီ” ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရတယ် ဆိုတာလောက်နဲ့ မလုံလောက်ဘူးလို့ထင်ပါတယ်။ ဆရာ့ရဲ့ ပန်းချီသဘောတရားတွေ၊ ကောက်ကြောင်းတွေ ကျမဘာမှမပြောလိုပါဘူး .... ပြောမယ့်သူတွေ ဒုနဲ့ဒေးပါ။ ကျမက ပန်းချီနဲ့ လုံးလုံးမနီးစပ်သူဖြစ်ပါတယ်။

ဆရာဝသုန်နဲ့ပတ်သက်လို့ ကျမရဲ့စီပုံးမှာ မောင်တယောက်ကဝင်ရေးသွားတယ် ဆရာဝသုန့်ကို ဆုံးရှုံးတာ ပန်းချီဆရာတယောက်တင်မဟုတ်ဘူး ဝတ္ထုတိုရေးသူတယောက်ပါ ဆုံးရှုံးရတာတဲ့။ ဟုတ်ပါတယ်။ ဆရာဝသုန်ရဲ့ ဝတ္ထုတိုလေးတွေ တော်တော်များများ ကျမဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျမရဲ့ ညံ့ဖျင်းမှုကြောင့် ဘာဝတ္ထုတိုတွေလဲဆိုတာတော့ မပြောနိုင်တော့ပါဘူး။ ဝတ္ထုတိုအရေးကောင်း သူတယောက် ဆိုတာကတော့ သေချာပါတယ်။ သတိရသူများရှိရင် ကျမကို သတိပေးစေချင်ပါတယ်။

ဆရာဝသုန်လို့ ပြောလိုက်တာနဲ့ ကျမရဲ့ မျက်စိထဲမှာပြေးမြင်လိုက်ရတာက ကျမတို့ငယ်ငယ်က လစဉ်စောင့်ဖတ်ရတဲ့ မဂ္ဂဇင်းအခန်းဆက် ရုပ်ပြတွေပါ။ ဆိုရရင် ကျမ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ တို့ ချစ်သောပါဒဧကရီတို့ကို ကြိုက်လွန်းလို့ အခါခါ ဖတ်ခဲ့ပေမယ့် ဆရာဝသုန့်ရဲ့ လက်ရာ ရုပ်ပြတွေကိုကျတော့လည်း ကျမတို့ ရင်ခုန်စွဲမက်စွာနဲ့ စောင့်ဖတ်ရပြန်ပါတယ်။

ကျမမျက်စေ့ထဲမှာ ခုထိ ဆရာသရုပ်ဖော်ထားတဲ့ ဒဿဂီရိကို မြင်နေတုန်းပဲ။ ပြီးတော့ ရာမ၊ လက္ခဏနဲ့ သီတာ၊ ညီတော်ဘိဘိသန၊ ဂမ္ဘီ ... ပြီးတော့ .... ဇာတ်ကောင်ပေါင်းများစွာ ..။ ပြီးတော့ ချစ်သော ပါဒဧကရီဟာလည်း ဆရာချစ်က စာနဲ့ ဖွဲ့နိုင်သမျှလှအောင် ဖွဲ့ထားသမျှ ဆရာဝသုန်က သူ့စုတ်ချက်နဲ့ ချယ်မှုန်းထားတာ စာလုံးတွေကိုမီတယ်လို့ ပြောရမယ်ထင်တယ်။ ပါဒဧကရီရဲ့ အလှနဲ့ မာနတွေက ဝတ္ထုဖတ်ပြီးတဲ့ကျမကို ထပ်ဖတ်ဖို့ ထပ်ကြည့်ဖို့ ဆွဲဆောင်လွန်းလို့ လတိုင်း အဲဒီစာအုပ်တွေကို မျှော်ရတာ အမောပါ။ ပါဒဧကရီရဲ့ မာနရောင်လက်နေတဲ့ မျက်လုံးတွေက ဆွဲဆောင်လွန်းလို့ တလ တလ အမြန်ကုန်ပါစေဆုတောင်းခဲ့ရတာ။ ကျန်သေးတယ် ပန်းချီဆရာလေး ဒီပါရဲ့ နူးညံ့တဲ့ ရုပ်ပုံလွှာ ....။

ကျမအမှတ်မမှားဘူးဆိုရင် ချစ်သောပါဒဧကရီက ပန်မဂ္ဂဇင်းမှာ အခန်းဆက်၊ လင်္ကာဒီပချစ်သူက ရှုမဝ အခန်းဆက် နောက်ပြီး ဆရာကြီးရွှေဥဒေါင်းရဲ့ ဦးစံရှားက ချယ်ရီအခန်းဆက်လို့ ထင်ပါတယ်။ မှားချင်လည်း မှားနိုင်တဲ့အတွက် ငြင်းချင်တဲ့သူတွေ ငြင်းနိုင်ပါတယ်။ ဆရာဝသုန်ဆွဲတဲ့ ဦးစံရှားမှ တကယ့် ဦးစံရှားလို့ ကျမ ငယ်ငယ်က ထင်ခဲ့ဖူးတာပါ။ ဒီပန်းချီဆရာ တကယ့်ဦးစံရှားရှေ့မှာများ သွားထိုင်ကြည့်ရေးထားလားလို့ကို ထင်ခဲ့ဖူးတာ။ အဲဒီ ၃ ခုလုံး ရုပ်ပြစာအုပ်အဖြစ်နဲ့ ထွက်ခဲ့ပါတယ်။

ကျမ ဆရာဝသုန့်ကို အဝေးကပဲမြင်ဖူးပါတယ်။ သူက ကျမဦးလေးတွေနဲ့တော့ တော်တော်လေး ရင်းနှီးတယ်။ ကျမဦးလေးတွေက ပန်းချီလည်းရေးကြပြီး ပန်းချီသမားကို ချစ်ကြတဲ့သူတွေကိုး။ နောက် ကျမမောင်အငယ်ကောင် ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီမေဂျာတက်တော့ ဆရာ့ရဲ့သား မျိုးထွန်းနဲ့ သိခွင့်ရတယ်။ ဆရာ့ရဲ့တချို့သော အချစ်ဆုံးရောင်းရင်းကြီးတွေနဲ့ ကျမ ဦးလေးသားချင်းလို ရင်းနှီးပေ မယ့် ဆရာနဲ့တော့ တခါမှ စကားတောင်မပြောဖြစ်ပါဘူး။

ကျမကြားဖူးသလောက် ဆရာကမာနကြီးတယ်တဲ့။ သူ့ရဲ့မာနက အကန့်အသတ်နဲ့ ... စာသမားတွေ ပန်းချီသမားတွေအပေါ်မှာ ကြီးတာမဟုတ်ပါဘူး။ တခြားနယ်ပယ်က အနံကြီးကွင်းကျယ်တွေနဲ့ဆို မာနကြီးတယ်လို့ပြောတာပါ။

အငယ်ကောင်ကို အကြောင်းပြုလို့ ကျမက ပန်းချီသမားတွေကို ရင်းနှီးခင်မင်ပါတယ်။ မနက်က ဆရာ့သတင်းကို ဆရာ့သားမျိုးထွန်းရဲ့သူငယ်ချင်း ပန်းချီဆရာတွေကို တယောက်ချင်းစီ လိုက်ပြော ဖြစ်ပါတယ် (အွန်လိုင်းကနေပါ)။ ကျမပြောမှ သူတို့သိကြတာ။ သူတို့လည်း တော်တော် စိတ် မကောင်းကြဘူး။ ဝလုံးကတော့ ချက်ချင်းသွားလိုက်မယ်လို့ပြောပါတယ်။ ကျမကတော့ မသွားနိုင် ဘူးပေါ့။ စိတ်မှန်းနဲ့ပဲ ဆရာ့ကို ဂုဏ်ပြုလိုက်ပါတယ်။

ပန်းချီအကြောင်းကို ကျမသေချာမပြောတတ်ပါဘူး။ သို့သော် ကျမသိသလောက် ဒီခေတ် မျိုးဆက်သစ် ပန်းချီဆရာတွေ များလာပေမယ့် ဆရာ့လိုင်းမျိုးရေးတဲ့သူ တယောက်မှ မရှိပါဘူး။ မကြာခင်မှာ လုပ်မယ့် မဂ္ဂဇင်းသရုပ်ဖော်ပုံရေးတဲ့ ပန်းချီဆရာတွေပြပွဲလုပ်ရင် ဆရာ့ကားတွေလည်း ပါမယ်လို့ မျှော်လင့်ရပါတယ်။ ဆရာက မဂ္ဂဇင်းသရုပ်ဖော်ပုံတွေကိုလည်း သေသေချာချာ ရေးတာကိုး။

မကြာခင်ကမှ ဆရာ့ရဲ့ ဒေါ့ကူမန်ထရီလေး အတွက် ဒါရိုက်တာ ကြည်ဖြူရှင်က ဆုရခဲ့သေးတာနော်။ ဆရာက ရုပ်ရှင်ထဲလည်း ဝင်ပြီး သရုပ်ဆောင်ခဲ့သေးတယ်လို့ မမေငြိမ်းကပြောပြတယ်။ ကျမကတော့ သေချာမမှတ်မိပါဘူး။ ဆရာဦးဝင်းဖေရိုက်တဲ့ “မြင့်မိုရ်ထက်မြင့်သော” မှာ စိတ္တဇဝေဒနာရှင်အဖြစ် ဝင်သရုပ်ဆောင်ပေးရတာလို့ ပြောပါတယ်။

သေချာတာတခုကတော့ ကျမတို့အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အနုပညာသမားတယောက် ဆုံးရှုံးရပြန်တာပါ။ အဖိုးတန် အနုပညာသမားတွေဟာ ဒီလိုနဲ့ပဲ ကြွေလွင့်ရတော့မှာလားလို့ တယောက် သွားတိုင်း တခါ ကျမကြေကြေကွဲကွဲ နာနာကျင်ကျင် စဉ်းစားမိတယ်။

ညကောင်းကင်မှာ ကြယ်တွေက အများကြီးပါ ... ဒါပေမယ့် ဝသုန် ဆိုတဲ့ ကြယ်ကတော့ တပွင့်ထဲ ...။
****
နောက်ဆက်တွဲ။ ။ ပန်းချီဝသုန့်အကြောင်း အသေးစိတ် သိချင်ရင်တော့ ကိုတောကျောင်းက သေသေချာချာ ရေးပြထားပါတယ်။ သူ့ရဲ့ အတိုဆုံး ဝတ္ထုတိုလေးကိုတော့ နန်းညီ ဆီမှာ သွားဖတ်နိုင်ပါတယ်။

စာနယ်ဇင်းသမားဘဝကမောက်ကမ ၃

ကိုယ့်သေတွင်းကိုယ်တူးမိပုံများ ပြောပါတယ်။ တကယ်က ကမောက်ကမ ၂ မှာ စာရေးဆရာမင်းလူ နဲ့ အင်တာဗျူးပြီးတဲ့ထိ ရေးမလို့ပါ။ ဒါပေမယ့် တူးတူးသာရဲ့ထုံးစံအတိုင်း ပျင်းပြီး ငါရပ်လိုက်တော့မှပါလေ လို့တွေးရင်း ရပ်လိုက်မိတယ်။ နောက် တရက်ကျော်ကျမှ ပြန်ရေးမလို့ဟာ။ ကွန်မန့်မှာ ဝိုင်းအော်ထား တာတွေ့တာနဲ့ မနေရဲဘဲ ရေးလိုက်ရပါတော့တယ်။ တချို့က ကျမပညာပြတယ်တဲ့ (အဟင့်) မဟုတ်ရ ပါဘူး၊ ပျင်းရုံလေးပျင်းမိတာပါ။ ကျမကလည်း ကျမပဲလေ။ ရေးရတာထက် ဖတ်ရတာ ပိုကြိုက်တဲ့ သူဆိုတော့ ပုံမှန် တက်ဖတ်နေကျ ဘလော့လေးတွေမှာ အသစ်မတွေ့ရင် သွားသွား အော်မိတာကိုး :) ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့ ....။ ကိုင်း ရွာစားရေ ... မတိမ်းမစောင်းဗိန်းဗောင်းနဲ့ ပို့ ...။

ဆဒ္ဒန်မင်းလူနှင့် သောနုထ္ထိုရ် ကျွန်ုပ်

အင်တာဗျူးဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဟန်ထက်မောင်နဲ့ နာယက အဖွဲ့ထဲမှာပါတဲ့ အန်ကယ်ကြီး ဖိုးသောကြာတို့ ကျမကို ဆရာမင်းလူဆီလွှတ်တာ အကြောင်းရှိပါတယ်။ လတ်စသတ်တော့ ကျမက ကျမရဲ့ စီဗီမှာ အဖေနာမည် အရင်းအပြင် ကာတွန်းအနောင်ဆိုပြီး ကွင်းစ ကွင်းပိတ်နဲ့ ထည့်ထားခဲ့ မိတာကိုး။ အဲဒီမှာ မျိုးဗီဇကျွမ်းကျင်သူ အယ်ဒီတာမင်းများက ကျမရဲ့ ဂျန်နရေးရှင်း ရင်းမြစ်ကိုလိုက်ပြီး ဒီကောင်မလေးကတော့ဖြင့် မင်းလူနဲ့ ဆွေမျိုးတော်တယ် .. သူသွားဗျူးရင်ဖြင့် ဟိုကတော့ ဖြေမှာပဲ ဆိုပြီး သူတို့ဘာသာ ကောက်ချက်ဆွဲ ပြီးတော့ ကျမကို လွှတ်ကြတာလေ။

တကယ်က ကျမက ဆရာမင်းလူနဲ့ ဘာမှမဆိုင်ဘူး။ ဆရာမင်းလူရဲ့ အကိုကြီး ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏရဲ့ မိန်းမ ဒေါ်ချိုရီကမှ ကျမအဖေရဲ့ ညီမအငယ်ဆုံး ကျမတို့ရဲ့ အဒေါ် ...။ ဆိုတော့ သွေးဘာမှ မတော်စပ်ဘူး။ ဒါပေမယ့် နည်းနည်းပါးပါး ရင်းနှီးတာလောက်တော့ ရှိတာပေါ့။ သို့သော် .. ဆရာမင်းလူကို ကျမက လေးစားတဲ့၊ ကြောက်တဲ့ အခံကရှိတယ်။

မကြောက်ဘဲနေမလား ဦးဝဏ္ဏရဲ့သမီး ကျမညီမ ဝါနုခေါ် ချန်ဒြာက ကျမကို တခါက တိုးတိုး သတိပေးဖူးတယ်လေ “မတူးသိလား။ သမီးတို့ကလေးတွေက အဖေတို့ညီအစ်ကိုတွေထဲမှာ ဦးဥာဏ်ကို အကြောက်ဆုံးပဲ” တဲ့။ ဆရာမင်းလူရဲ့ နာမည်ရင်းက ဦးဥာဏ်ပေါ် မဟုတ်လား။

သာဓုခြံထဲမှာ ဦးဥာဏ်ဟေ့ဆို ကလေးကစ ခွေးအဆုံး တခြံလုံး ဖိန့်ဖိန့်တုန်ပဲ ဆိုတာ ကျမက အတွင်း သတင်း ရထားပြီးသား။ လူကောင်ကသေးသလောက် အားမနာတမ်း ဘုပြောတတ်တာလည်း ကျမက သိတယ်။ စိတ်ကလည်း ဘာတိုသလဲပဲ။ ဒါပေမယ့် ကျမနဲ့တော့ နည်းနည်းခင်တယ်။ သူ့ဆီ သွားလည် သူ့အစ်ကို... ဦးရူပရဲ့ လက်ဘက်ရည်ဆိုင်မှာ သူတိုက်တဲ့ လက်ဘက်ရည်ကို သောက်ပြီး စကားစမြည် ပြောနေကျ။ ဒါပေမယ့် တခုရှိတာက ကျမနဲ့ ဆရာနဲ့ပြောလိုက်ရင် စာအကြောင်းပေအကြောင်း တခုမှ မပါဘူး။ အများသောအားဖြင့် သီချင်းအကြောင်းတွေ၊ ဂီတအကြောင်းတွေ ပြောဖြစ်တာများတယ်။

ဆရာက လက်ဘက်ရည်ကို ခွက်အကြီးနဲ့သောက်တာ (တိုင်ကီပေါ့)။ ပြီးတော့ ဆေးလိပ်တိုကို သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ လက်ကြားမှာညှပ်ပြီး စကားပြောတတ်တယ်။ ကျမက ဦးဝဏ္ဏတို့ ဦးဗလ (သုမောင်) တို့ ထက် သူ့ကိုပိုခင်တယ်။ ဟိုဆရာကြီးတွေက နားက တော်တော် လေးတော့ စကား ပြောရင် အော်ပြောရတာနဲ့ မလွယ်ကျော။ ဦးဝဏ္ဏဆို စကားကို တိုးတိုးလေး ပြောတာ ဆိုတော့ ကျမက နားတဘက်လေးနေတာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး (သူများအကြောင်း ပြောရင်း ကိုယ့်အကြောင်း တွေပါ ပေါ်ကုန်ပြီ :P) ဆိုတော့ကာ စကားကို ပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်းနဲ့ ပြောတဲ့ ဆရာဥာဏ်နဲ့ ကျမက လေပေး အတော်ဖြောင့်တယ်ပြောရမယ်။ သို့သော် ကြောက်တာက ကြောက်တာပဲ။

ကြည့်ရတာ ကျမနဲ့ ဆရာဥာဏ် နည်းနည်းရင်းနှီးတာကိုလည်း အယ်ဒီတာမင်းများက သိထားပုံရတယ်။ မေးခွန်းက တခုတည်း မေးရမှာနော်။ ဘာမှမသိ နားမလည်တဲ့ အူကြောင်ကြောင် ကျမက “ဟုတ်ကဲ့” တခွန်းပဲပြောပြီး သင်္ဃန်းကျွန်းက သာဓုခြံကို ချီတက်ခဲ့ပါတော့တယ်။ သွားခါနီးမှာ ကိုဟန်ထက်မောင် က “ညနေ အဲဒီအင်တာဗျူး ယူလာပေးနိုင်ရင် အလုပ်ရပြီနော်” တဲ့။ လုပ်ပုံ ...။

သင်္ဃန်းကျွန်း အသင်းတိုက် မှတ်တိုင်မှာ ဆင်းပြီးတာနဲ့ ကျမ ဆရာဥာဏ့်ဆီ ချက်ချင်း မသွားရဲဘူး။ ဒေါ်ဒေါ်ချို (မောင်ဝဏ္ဏမိန်းမ ဒေါ်ချိုရည်) ဖွင့်ထားတဲ့ ကုန်စုံဆိုင်ထဲကို လှစ်ကနဲဝင်ပြီး ကျမညီမတော် ကို ရှာတယ်။ အခန့် သင့်ပဲ မဝါနု က မျက်မှန်လေး တဝင်းဝင်းနဲ့ ကုန်ပစ္စည်းတွေကြား မြုပ်နေလေရဲ့။

“ချန်ဒြာ ... ညီမလေး ... ဘာလုပ်နေလဲဟင်”
“ဆိုင်ထိုင်ပေးနေရတယ်လေ မတူးရဲ့”
“ဟုတ်လား ... ဟိုဘက်မှာ ဦးဥာဏ်ရှိလား” (စ စုံစမ်းပြီ)
“မပြောတတ်ဘူးလေ ... ရှိမယ်ထင်တယ် သွားကြည့်ပါလား။ ဘာလုပ်မလို့လဲ”
“သူ့ကို အင်တာဗျူးစရာလေး တခုရှိလို့ဟ။ အစ်မနဲ့ လိုက်ခဲ့ပါလား။ အဟဲ” (မျက်နှာချိုကလည်းသွေးရ)
“ဟာ ... အင်တာဗျူး မလို့ ဟုတ်လား” (အထိတ်တလန့်သံနဲ့မေးတာ)
“အင်းလေ”
“မလုပ်ပါနဲ့ မတူးရယ်။ ဦးဥာဏ်အကြောင်းမသိဘူးလား။ အော်ထုတ်မှာနော်။ သူကပြောပြီးသား၊ သူ့ကိုအင်တာ မဗျူးကြနဲ့တဲ့။ သူပြောချင်တာတွေကို သူ့ဖာသာရေးမှာတဲ့” (အဲလိုအားပေးတာပေါ့)
“ဒါပေမယ့် မတူးကတော့ မဗျူးလို့မဖြစ်ဘူးဟ” (ဟန်ကိုယ့်ဖို့ဆိုတဲ့လေသံနဲ့)
“ဒါဆိုရင်တော့ မတူးဘာသာ သွားကြည့်လေ။ ညီမလေးတော့ကြောက်တယ်။ မလိုက်ရဲဘူး”

သွားပြီ ...။ အနားမှာ မုန့်တထုပ်ကိုလာဖြုတ်ရင်း ပြုံးဖြဲဖြဲ လုပ်ပြနေတဲ့ ဥက္ကာ (ဝါနုမောင်အငယ်ဆုံး၊ ဓာတ်ခဲ လုပ်တဲ့ကောင်) ကို ခေါ်သွားဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူက ကလေးဆိုတော့ ဘာမှ အကူအညီရမှာ မဟုတ်တဲ့ပြင် ပေါက်ကရတွေ ဝင်ပြောမှဖြင့် ... ပြေးပေါက်မှားနေဦးမယ်။

ကဲ လာလေရော့ ကိုယ့်ဘာသာပဲသွားရတော့မှာပေါ့။ ခုပြန်စဉ်းစား ခုကြောက်တုန်းမို့ ဆရာဥာဏ့်ဆီ မရောက်နိုင်ဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေမိတာပါ။ သီးခံဖတ်ပါနော်။ ခု ရောက်ပါပြီ။ သူ့အိမ်ပေါ် တက်သွားတာနဲ့ အိမ်ရှေ့မှာ ဘွားကနဲတွေ့လိုက်ရတယ်။ အဲဒီမှာ ကျမလည်း နိဒါန်းတွေ ဘာတွေ ချီမနေတော့ပဲ တရစပ်ကိုယ်ဖြစ်ချင်တာကို ပြောတော့တာပဲ။ (စာနယ်ဇင်း အတတ်ပညာတွေ ရေးရေးနေတဲ့ အသားမည်းမည်း၊ ရုပ်ဆိုးဆိုးပုဂ္ဂိုလ်ကြီးမသိလို့။ သိရင် ကျမကို လေးစားသွားမယ်:P)

“ဟာ ဘယ်က လှည့်လာတာလဲ။ လာ ထိုင်လေ” လို့ ဆရာကပြောလိုက်တာနဲ့ ကျမက “ဟုတ်ကဲ့ ဆရာ သမီးဆရာ့ဆီ သက်သက်လာတာပါ။ ဆရာမှ မကူညီရင် သမီး အလုပ်မရတော့ဘူး။ ကူညီပါဦး”
အဲဂလို တည့်တိုးကိုပြောချလိုက်တာ။ ဆရာလည်း အံ့တွေသြလို့ပေါ့။ “ဗျာ ... ဘယ်လို ... ကျနော် နားလည် အောင် ပြောပါဦှးဗျ” လို့ ပြန်မေးတယ်။

အဲဒီမှာကျမလည်း ဖြစ်ကြောင်းရယ်ကုန်စင်ကို နတ်သံမနှောဘဲ ပြောပြလိုက်တော့တယ်။ ကျမ အင်တာဗျူးဂျာနယ်မှာ အင်တာဗျူးဖြစ်တဲ့အကြောင်း၊ အင်တာဗျူးဂျာနယ်ရဲ့ အယ်ဒီတာ မင်းများက ကျမကို လက်တွေ့အင်တာဗျူးတခု လုပ်ခိုင်းကြောင်း၊ အဲဒါကတော့ ဆရာ မင်းလူကို လေထန်ကုန်း လက်ဖက်ရည်ဆိုင်နာမည်ကိစ္စ မေးခိုင်းကြောင်း၊ အဲဒီအင်တာဗျူးကို ဒီညနေ အပြီးပေးနိုင်ရင် ကျမ အလုပ်ရပြီဖြစ်တဲ့အကြောင်း ... အကြောင်းပေါင်းစုံ ရှင်းပြလိုက်တဲ့ အချိန်မှာ ဆရာက ဝုန်း ကနဲ စားပွဲကို လက်သီးနဲ့ မထုပါဘူး။

ဒါပေမယ့် ဆရာ့မျက်နှာကတော့ အဲဒီလို ဝုန်း ကနဲမြည်အောင် စားပွဲကိုခြေနဲ့ ပိတ်ကန်လိုက်တဲ့ မျက်နှာ ဖြစ်သွားပါတယ်။ ကျမလည်း ဗြုန်းကနဲလန့်ပြီး ထွက်ပြေးဖို့ အပေါက်ဝကို မျက်စေ့က ရှာမိလျက်သား ဖြစ်သွားတယ် (အဲဒီကတည်းက စာနယ်ဇင်းသမားဖြစ်ဖို့ ဇာတာပါလာတာထင်ပါရဲ့။ ခုဆို ပြေးပေါက် အရင်ရှာတတ်တာ ကျင့်သားတောင်ရနေပြီ :p)

“ဒီလူတွေ ... ဒါ သက်သက် လူလည်ကျတာဗျ”
“.......” (ခေါင်းလေးငုံ့ပြီး မျက်နှာသေလေးနဲ့ပေါ့)
“ကျနော်က အင်တာဗျူးတွေ မဖြေဘူးဆိုတာသိလို့ ခုလိုလုပ်တာ”
“ဟုတ် .... ကဲ့ ... ဆရာ” (အတိုးဆုံး အသံ)
“ကျနော်မဖြေဘူးဆိုရင် ဘာဖြစ်မလဲ”
“ဟိုဒင်း ... သမီး အလုပ်မရတော့ဘူးပေါ့ ဆရာ” (အဲဒီမှာ ကျမမျက်နှာက ဆီးစေ့လောက်ပဲရှိမလား မပြောတတ်ဘူး၊ မျက်နှာငယ်တာပြောပါတယ်)

ကျမရဲ့မျက်နှာကပဲ တကယ့်သနားစရာ ဖြစ်နေလို့လား၊ ဒါမှမဟုတ် ငါတော့ဖြင့် ကောင်းမှုကုသိုလ် တခုတော့ လုပ်လိုက်ပါဦးမယ်ဆိုတဲ့ ဆရာ့ရဲ့ နတ်ကောင်းလေးကပဲ နိုင်သွားလို့လားမသိဘူး ....
“အင်းလေ ... ဖြေပေးလိုက်ပ့ါမယ်။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးပဲနော်။ လာ လက်ဘက်ရည်ဆိုင်သွား မယ်” ဆိုပြီး ရှေ့က ဘောက်ဆတ်ဘောက်ဆတ် လျှောက်ထွက်သွားလေတော့ ကျမကလည်း နောက်ကနေ (ပျော်သော်လည်း မျက်နှာပိုးလေးသတ်လို့) ခပ်ကုပ်ကုပ် လိုက်သွားရလေသတည်းပေါ့။

ကဲမေးခွန်းစပြီ “ဒီလိုပါဆရာ လေထန်ကုန်းဆိုတဲ့ နာမည်ကို ဆရာပေးတာလို့ ကြားဖူးပါတယ်။ အဲဒါဟုတ်ပါသလား” ... ဒါပဲ ....။

“လိုက်မှတ် ... ပြောမယ် ... ဒီလိုရှိတယ်ဗျ။ ကျနော်လည်း သေချာတော့ မမှတ်မိဘူး။ စာရေးဆရာတွေ ထိုင် ထိုင်လေကန်တဲ့ ဒီနေရာကို လေထန်ကုန်းလို့ ဘယ်ကဘယ်လို ခေါ်ဖြစ်သွားတယ်ဆိုတာ ကျနော် မသိတာအမှန်ပဲ။ ဒါပေမယ့် ဒီဆိုင်ကို လေထန်ကုန်းလို့ ခေါ်ကြမယ်ဟေ့လို့ ပြောမိချင်လည်း ပြောမိ သွားလိမ့်မယ်ဗျ။ တခါက ဆရာမစန်းစန်းနွဲ့ကထင်တယ် အမှတ်တမဲ့နဲ့ ဒီလို ပေါက်ပေါက်ရှာရှာ နာမည်မျိုး မင်းလူ ပေးတာ နေမှာပဲလို့ ဒီဆိုင်မှာထိုင်ရင်း ပြောလိုက်တော့ ဒီနာမည်ကို မင်းလူ ပေးတာ ဆိုပြီးဖြစ်ကုန်တာဖြစ်မယ်။ အဖြစ်မှန်ကတော့ ကျနော်ပေးမိတယ် ဆိုရင်တောင် မမှတ်မိပါဘူး။ ဒါပဲ သွားရေးတော့။ ရေးပြီးရင် ကျနော့်ကိုလာပြဦး”

ကျမမှာ ကက်ဆက်လည်းမပါ။ လက်နဲ့တောင်ခြစ်မြောက်ခြစ် ခြစ် ... စိတ်ထဲကမှတ်ပြီး ဆရာမင်းလူနဲ့ အင်တာဗျူးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ် ဆိုပါတော့။ ဆရာကတော့ ကျမ ပြန်ရေး ထားတာကို သေချာဖတ်ပြီး တလုံးမှမပြင်ဘဲ ပြန်ပေးပါတယ်။ ပြီးတော့ “အေးဗျာ ... ခင်ဗျားက ဓားစာခံပါ။ ဟိုလူတွေလုပ်ပုံ မဟုတ်ဘူး” လို့ မကြေမချမ်းပြောရှာပါတယ်။ ကျမ အလုပ်မရမှာ စိုးလို့သာ ဒီအင်တာဗျူးကို သူပေးခဲ့တာပါ။ ကျမရုပ်ကလည်း ဒီအလုပ်ကိုမှမရရင် သေရပါတော့မယ် ဆိုတဲ့ပုံ ပေါက်နေတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ကျမကို စာပေလောကထဲ ရောက်အောင် ပံ့ပိုးပေးတဲ့ ဆရာ့ကို ဒီနေ့ထိ ကျေးဇူးတင်နေဆဲပါ။

ဆရာ့ဆီကနေ အင်တာဗျူးလေး အချောသတ်ပြီး ပြန်တဲ့အချိန်က ညနေ ၄ နာရီကျော်ပြီ။ အသင်းတိုက် ကနေ ရေတာရှည် လမ်းသစ်ရောက်တော့ ၅ နာရီထိုးတော့မယ်။ အင်တာဗျူးရေးထားတဲ့ စာရွက်ကို မဟာဆွေစတိုင် ထိုင်နေတဲ့ ကိုဟန်ထက်မောင်လက်ထဲ ထိုးထည့်လိုက်တာနဲ့ သူက ဖတ်ကြည့်ပြီး (ဖိုးပါကြီးလို)းပြုံးပါတယ်။ ပြီးတော့ ကျမရေးထားတာကို နည်းနည်း ဖြုတ်ပြင် ဘာညာလုပ်ပြီး စာစီ သမား ဆီ တန်းပို့လိုက်ပါတော့တယ်။ “ကဲ ... နက်ဖြန်ကစပြီး အလုပ်ဆင်းတော့။ အင်တာဗျူး ဂျာနယ်ရဲ့ အယ်ဒီတာ စာရင်းမှာ ညည်းနာမည် ထည့်လိုက်တော့မယ်” လို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျမအူမြူးလိုက်ပုံက ဘာနဲ့မှ မနှိုင်း ယှဉ် နိုင်လောက်အောင်ပါ။

ကျမရဲ့ အယ်ဒီတာသက်တမ်း တပတ်မပြည့်ခင်မှာ ထွက်လာတဲ့ အင်တာဗျူး အစ်ရှူး ၂ မှာ ကျမရဲ့ ဆရာမင်းလူနဲ့ အင်တာဗျူုးပါလာပါတယ်။ ဒီတိုင်းပါလာတာ မဟုတ်ပါဘူး။ ဝင်းဝင်း ဆိုတဲ့သူက ဆရာလင်းဝေမြိုင် (ကွယ်လွန်) ကို တပုံစံထဲ ဗျူးထားတာနဲ့ ယှဉ်လျက်သား။ အဲဒီတော့မှ သြော် လတ်စသတ် တော့ ပွဲဆူအောင်လုပ်တာကိုး လို့ ငတုံးကျမ သဘောပေါက်ရပါတော့တယ်။

ဂျာနယ်လေးကို ဆရာမင်းလူကို သွားပေးတဲ့အခါမှာ ဆရာက ကြည့်ပြီး “ထင်တော့ ထင်သားဗျ။ ဒီလူတွေ တခုခုတော့ လုပ်တော့မယ်ဆိုတာ။ ခုကြည့် ကျနော်နဲ့ ဆရာလင်းကို ရန်တိုက်ပေးတာ။ တော်သေးတာပေါ့ ကျနော်က အဖြေတတ်လို့။ ခင်ဗျားက ဓားစာခံပဲ” လို့ ဒေါသတကြီးပြောတယ်။

ဆရာလင်းက ဒီလေထန်ကုန်းဆိုတဲ့ နာမည်ကို သူပေးတာလို့ ဖြေထားတာလေ။ သူက ၁၀ တန်း အင်္ဂလိပ်စာသင်တော့ အဲဒီတုန်းကသင်ရိုးမှာပါတဲ့ စာရေးဆရာမ အမ်မလီဘရွန်တီရဲ့ ဝုသရင်းဟိုက် ကို လေထန်ကုန်းလို့ ဘာသာပြန်ခဲ့တာ။ ဒါနဲ့ ၃၃ လမ်းက စာရေးဆရာတွေ လေထိုင်ကန်တဲ့ လက်ဘက်ရည်ဆိုင်ကို ဒီနာမည်ပေးဖို့ စိတ်ကူးမိတယ် ဆိုတဲ့အကြောင်း အင်တာဗျုးမှာ ရေးထား လေရဲ့။ တော်သေးတာပေါ့ ဆရာမင်းလူက သူမမှတ်မိတော့ပါဘူးပြောလို့။ တကယ်လို့ ဒီနာမည်ကို သူပေးတာပါ ပြောလိုက်ရင် ပွဲဆူပြီး သက်သက်မယ့် ဆရာ ၂ ယောက် ဒုက္ခရောက်ရမယ့်အပေါက်။

အဲဒီမှာ ကျမလည်း စာနယ်ဇင်းပါးမဝသေးခင်မှာတင် စာနယ်ဇင်းအတတ်ပညာတခုကို ရလိုက်တယ် ဆိုပါတော့။ သြော် ... လတ်စသတ်တော့ မရှိရှိတာ ရှာကြံဖွပြီး ဂျာနယ် နာမည်ကြီးအောင် လုပ်တာပါလား လို့လေ။ အဲဒီထဲမှာ ကျမ၊ ဆရာမင်းလူနဲ့ ဆရာလင်းတို့က ဓားစာခံတွေ ပေါ့ (ဝင်းဝင်း ဆိုတဲ့ပုဂ္ဂိုလ်က ဓားစာခံမဟုတ်ဘူးနော်။ သူလည်း ဖွတဲ့ထဲပါတယ်)။ တကယ်က လေထန်ကုန်းကိစ္စ ဘာအရေးကြီးလဲ။ ဒီနာမည် ဘယ်သူပေးပေး ဘာဖြစ်လဲ။ ဘာမှမဖြစ်ပါဘူး။ အဲဒါကိုပဲ ကြံဖန် သတင်းလုပ်ရေးရင်း အင်တာဗျူးဂျာနယ်ဆိုတာ တခေတ်ဆန်းခဲ့လေရဲ့ (ယုံချင်ယုံ မယုံချင်နေ)။

ကျမလည်း စာနယ်ဇင်းသမားဘဝကို အူလည်လည်နဲ့ ရောက်ခဲ့တယ် ဆိုပါတော့။ သတင်းဂျာနယ်တွေ မပေါ်သေးတဲ့၊ ပေါ့ပ် ဂျာနယ်တွေ ခေတ်ထနေတဲ့ အချိန်မှာ အင်တာဗျူးဂျာနယ်က သတင်းဂျာနယ် ပုံစံလေး နည်းနည်းစပြီး မြေစမ်းခရမ်းပျိုးတယ် ဆိုရမယ်။ အဲဒီအချိန်က ၁၉၉၉ ခုနှစ်နှောင်းပိုင်း၊ ထောက်လှမ်းရေး ခေတ်ကောင်းချိန်ပေါ့။ အဲဒီတုန်းက စာပေကင်ပေတိုင်မှူးကြီးကတော့ ဗိုလ်မှူး အေးထွန်းပါ။ (ကဲ ၄ ကတော့ အေးဆေးပေါ့နော်။ ဒါပေမယ့် ကြော်ငြာလေးတော့ဝင်ခဲ့ဦးမယ် ... အင်တာဗျူးဂျာနယ်ရဲ့ ထောက်လှမ်းရေးက ရတဲ့ အတွင်းသတင်းတွေအကြောင်း ရေးမှာ ငှဲငှဲ။ တူးတူးသာတို့ အမှတ်မရှိပုံများနော် :P)







စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၂

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁ ကို ရေးပြီးပြီဆိုတော့ကာ ၂ တွေ ၃ တွေကို ရေးဖို့ တာဝန်က ရှိလာပါတယ်။ ကိုယ်က ၁ လို့ လုပ်မိချေတာကိုး။ ရှည်ဦးဟ တူးတူးသာဆိုပြီး ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်ဖို့သာ ကောင်းတော့တယ်။ တကယ်က ကျမ စာမရေးချင်ဘူး။ ပျင်းနေတာ ..။ ဒါပေမယ့်လည်း ကျမရဲ့ စိတ်တွေက စာတွေအရမ်းရေးနေချင်တယ်။ စိတ်က ရေးချင်တာကို လက်က မလိုက်နိုင်တာလည်း ဒုက္ခနော်။ ဒီကြားထဲ မြှောက်ပေးသူ (အဆင်းဘီးတပ်ပေးသူ) တွေကလည်း ဒုနဲ့ဒေး ဆိုတော့ ကိုယ်စတဲ့ဇာတ်လမ်း ကိုယ် အဆုံးသတ်မှဖြစ်မယ် ဆိုပြီး ကွန်ပျူတာ အစုတ်ကလေးရှေ့ ထိုင်ရတော့တာ ဖြစ်ပါတယ်။ ကဲ ရေးတော့မယ်။ ကမောက်ကမ ဆိုတဲ့အတိုင်း တကယ့် ကမောက်ကမပါ။ ၁ မှာက ကိုလေးဖြူနဲ့ အင်တာဗျူးကို ရေးလိုက်မိပြီ။ ခုက တကယ့်ဒီလောကထဲ စဝင်ဖြစ်တဲ့အကြောင်း ရေးပါမယ်။ ဒါပေမယ့် ဒုတိယမြောက် ရေးတာ ဆိုတော့ ၂ လို့တပ်မယ်။ ဘယ်လိုမှမအောင့်မေ့ပါနဲ့။ တူးတူးသာကိုက ကမောက်ကမ ဖြစ်နေတာပါ ...။

အင်တာဗျူးရဲ့ အင်တာဗျူး

အဲဒီနေ့က နေလည်းမသာ၊ မိုးလည်း မရွာပါ။ (ဘယ်နေသာမလဲ ညကြီးကိုး။ ဘယ်မိုးရွာမလဲ မိုးတွင်းမှ မဟုတ်တာ :P) ဒီကိစ္စကို အစပြုတဲ့ ကျမရဲ့ ချစ်လှစွာသော ညီမလေး မနှင်းငုံက ကျမကို ကြော်ငြာတခု ပြတဲ့ အချိန်က တခုသော နွေရာသီရဲ့ ညတညပေါ့ .... ။

ဂျီတီအိုင် ကျောင်းတော်ကြီးကဆင်းပြီး ဟုတ်ပြီဟုတ်ရဲ့နဲ့ ဆမ်ဆောင်ဆားဗစ်စင်တာမှာ အလုပ်ဝင် ...။ အင်ဂျင်နီယာ ကံမပါဘူးဘဲ ပြောရမလားမသိ (တကယ်က စာရူးပေရူးပဲလုပ်ချင်နေတာ) ။ အဲဒီတုန်းက ဇော်ဝင်းထွတ်နဲ့ ရင်ဂို ဆိုတဲ့ အိပ်မက်လမ်းသီချင်းကို လမ်းဘေးလက်ဘက်ရည်ဆိုင် တဆိုင်ကဖွင့်နေတာ ကြားတာနဲ့ ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး ငါတော့ စာပေလောကကိုပဲ ခြေစုံပစ် ဝင်တော့မဟဲ့လို့ ဆုံးဖြတ် ...၊ လစာကော ကော်မရှင်ပါ ကောင်းတဲ့ အလုပ်ကနေ မိုက်မိုက်ကမ်းကမ်း ထွက်ခဲ့တာ (လိုက်မလုပ် ကြနဲ့နော်)။

ကျမရဲ့ ညီမလေး မနှင်းငုံက ကျမရူးတာကိုသိတော့ (သူလည်းစာရူးပဲလေ၊ ကျမလောက်သာ မပေါရဲတာ) တရက် ကျမကို ကြော်ငြာတခုပြတယ်။ လစ်ဗင်းကာလာက ကြော်ငြာပါ။ အမှန်အတိုင်းပြောရရင် ကျမ အဲဒီ အချိန်က အဲဒီမဂ္ဂဇင်းကို သေချာကို မဖတ်ဖူးဘူး။ လူက ရသမှ ရသ ဆိုပြီးအော်နေတာ ဆိုတော့ စီးပွားရေးနဲ့ ကြော်ငြာမဂ္ဂဇင်း ဘယ်ဖတ်ဘူးမှာလဲ။ ဒါပေမယ့် အဲဒီထဲက ကြော်ငြာကတော့ စိတ်ဝင်စားစရာ ...။

အယ်ဒီတာ ခေါ်တာလေ။ ရသ မဟုတ်ပေမယ့် ကျမလုပ်ချင်တဲ့ စာပေအလုပ်နဲ့ နီးစပ်တယ်မဟုတ်လား။ အဲဒီမှာ သူက ဆောင်းပါးတပုဒ်ရေးတင်ရမယ်လို့ ပါတယ်။ ကိုယ်နေထိုင်ရာ မြို့နယ်က စီးပွားရေးတခုခုနဲ့ ပတ်သက်တဲ့ ဆောင်းပါး တပုဒ်ကို စီဗီဖောင်နဲ့အတူ ရေးတင်ပါတဲ့။ ကျမက ညီမလေးကို အထွန့်တက်တယ် “ဟာ ငါက ဘယ်လို ဆောင်းပါး ရေးရမှာလဲဟ” ဆိုတော့ သူက ဆရာမကြီးစတိုင်နဲ့ “မတူးတို့ မြို့မှာ ဘာပေါလဲ” တဲ့။

“ဘာပေါရမှာလဲ။ ငါတို့မြို့မှာ လက်ဘက်ရည်ဆိုင်ပဲ ပေါတာ” ဆိုတော့ ညီမက “အဲဒါဆို မတူး လက်ဘက်ရည် ဆိုင် စီးပွားရေးအကြောင်း ရေးပေါ့” လို့ အကြံပေးတယ်။ ကျမကလည်း လက်ဘက်ရည်ဆိုင်ဆို ထိုင်ပြီး အာရိုက်ရတာ၊ သောက်ရတာ၊ ရေနွေးအိုး တအိုးပြီး တအိုး ကုန်တဲ့ထိ ကိုယ့်အိမ်ကိုယ့်ယာလို မထတန်း နေရတာ ကြိုက်တဲ့သူဆိုတော့ အိုကေပေါ့။ ငါရေးပြီး လျှောက်ကြည့်လိုက်ဦးမယ် ဆိုတာက စတာပါပဲ။ အရူးကျော နင်းမိတယ် ဆိုမလားတော့မသိဘူး။

ကျမလည်း လက်ဘက်ရည်ဆိုင် ဆောင်းပါးကို တက်သလောက်မှတ်သလောက်ရေး (ခုပြန်စဉ်းစားတော့ အဲဒါ ဆောင်းပါးမှ မဟုတ်ဘဲ။ ဝတ္ထုလိုလို ဘာလိုလိုနဲ့) အဲဒီရုံးကိုသွားပြီး လျှောက်လွှာတင်လိုက်တယ်။ ပြီးတော့ မေ့မေ့ ပျောက်ပျောက်ပဲ နေလိုက်တယ်။ အမေကတော့ အလုပ်မရှိဘဲ ယောင်ခြောက်ဆယ် လုပ်နေတဲ့ ကျမကို တပွမ်ပွမ်ပေါ့လေ။ ဒီကြားထဲ ကျမဦးလေး ဦးအောင်ပြည့်ထိုင်တဲ့ ၄၆ လမ်းက ဝါနီပြာ တိုက်ကိုသွား။ ဟို ယောင်ယောင် ဒီယောင်ယောင်လုပ်။ သူတို့နဲ့ (သူတို့ဆိုတာ ဦးအောင်ပြည့်ရယ်၊ ပန်းချီ မောင်မောင်သိုက်ရဲ့ တူ ဒီဇိုင်းကိုစည်သူရယ်၊ ကျမလိုပဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတဲ့ ဦးသိုက်ရဲ့ နောက်တူတယောက် ဖြစ်တဲ့ ချစ်စမ်းရယ်ပေါ့) လက်ဘက်ရည်သောက်၊ အာရိုက်၊ အလုပ်လေးဘာလေး ဝိုင်းလုပ်ပေး။ အလုပ်ဆိုလို့ တခါ ဝိုင်းလုပ်ပေးဖူးတာလေး ပြောရဦးမယ်။ မှတ်မှတ်ရရ ဆရာဇော်ဇော်အောင်ရဲ့ “မနှင်းဆီကို ကျနော်ချစ်သည်” ဆိုတဲ့စကား ကိုပဲ ပတ်လည်ရိုက်၊ ဝလုံးပုံလေး ရေးထားတဲ့ ကဗျာလား ဝတ္ထုလား မသိတဲ့ စာမျက်နှာမှာ ဖဲပြား ဝါလေးတွေ ကော်နဲ့ ကပ်ရတာ။ မဂ္ဂဇင်း တအုပ်ပြီးတအုပ် ကပ်ရတာပဲ (ထွင်ချက်) ။

မကြာဘူး ဝါနီပြာလည်း သက်ဇိုး မရှည်ရှာပါဘူး ပြုတ်ကရော။ ကျမလည်း ရောင်ခြောက်ဆယ် ဘဝက မတက်ဘဲ ဒီတိုင်းပေပြီးနေနေတာ။ လစ်ဗင်းကာလာကို လျှောက်ထားတာလည်း မေ့နေတာ။ မေ့ဆို လျှောက်တာပဲ ၄၊ ၅၊ ၆ လ ရှိနေပြီဆိုတော့ သူလည်း ခန့်ပြီးရောပေါ့လို့ တွေးပြီး အမေကျွေးတဲ့ထမင်းကိုစား၊ ရွာရိုးလျှောက်၊ လက်ဘက် ရည် ဆိုင်ထိုင်၊ သယ်ယင်းတွေနဲ့ အာရိုက် အဲလိုလုပ်နေရင်း တရက်သားမှာတော့ ဘေးအိမ်ကို ဖုန်းဝင်လာပါ တော့တယ်။ တူးတူးသာ ဆိုတော့ ကျမလည်း သွားကိုင်လိုက်ရော ဟိုဘက်က “ဟန်ထက်မောင်ပါ” တဲ့။

ဟန်ထက်မောင် ..။ ဘယ်ကဟန်ထက်မောင်လဲပေါ့။ သိမှ မသိဘဲ။ တော်တော်တုံးတဲ့ ကျမ။ သူနဲ့ကျမ အပြန်ပြန်အလှန်လှန်ပြောတဲ့ စကားကို အောက်မှာ ရေးပြမယ်။

“ဟုတ်ကဲ့ တူးတူးသာ ပြောနေပါတယ်”
“သြော် မတူးတူးသာလား။ ကျနော် ဟန်ထက်မောင်ပါ”
“ရှင် ... ဘယ်က ဟန်ထက်မောင်လဲ။ ကျမ မသိပါဘူးရှင်”
“ခင်ဗျာ ... ဟိုဒင်း ... အင်တာဗျူးဂျာနယ်ရဲ့ အယ်ဒီတာချုပ်ပါ” (အင်တာဗျူး ဂျာနယ် .. ဒွတ်ခ .. တခါမှ မကြားဖူးဘူး)
“ဟုတ်ကဲ့၊ ကျမဘာလုပ်ပေးရပါမလဲ”
“သြော်။ မတူးတူးသာကို အင်တာဗျူးမလို့ပါ” (ဟင် ငါက ဆလစ်ဗရစ်တီလည်း မဟုတ်ဘဲနဲ့ ...ထက်ထက်မိုးဦး နဲ့တော့ မမှားတန်ပါဘူးလေ)
“ကျမကိုလားဟင်။ ဘယ်လိုလုပ်ရမလဲ”
“အင်တာဗျူး ဂျာနယ်တိုက်ကိုလာခဲ့ပါ။ ဒီနေ့ နေ့လည် ၁ နာရီအရောက်နော်။ မတူးတူးသာ အင်တာဗျူး ဝင်ရမယ်”
“ဟို ... ဘယ်လိုလာရမလဲဟင်” (အဲလောက်ဒူတာ)
“ရေတာရှည် လမ်းသစ်လမ်း ရောက်အောင်သာလာခဲ့ လမ်းထိပ်ရောက်ရင် .... ကိုဖုန်းဆက်လိုက်” (စိတ်မရှည်သံနဲ့။ တကယ်က အဲလောက်ပြောပြတာတောင် တော်လှပြီလေ)
“ဟုတ်၊ ဟုတ်ကဲ့ပါ”
“ဂွပ်”

တူးတူးသာတို့ အသုံးမကျလိုက်ပုံများ။ အဲဒီဟန်ထက်မောင်ဆိုတာ လစ်ဗင်းကာလာ မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါး ရှင်တဲ့။ ကာဗာစတိုရီတွေ ရေးတာဆိုပဲ။ ကျမကမသိဆို ခုဏပြောခဲ့သလို လစ်ဗင်းကာလာမှ မဖတ်ဖြစ်ဘဲကိုး။ သူကတော့ ဒီလာက်နိုင်ငံကျော် မဂ္ဂဇင်းကြီးက ပင်တိုင်ဆောင်းပါးရှင်ဆိုတော့ သိမှာပဲဆိုပြီး ... နောက် ဒီမဂ္ဂဇင်းမှာ အယ်ဒီတာ လျှောက်ထားတဲ့သူ ဆိုတော့ သိကိုသိရမယ်ပေါ့လေ။ အဲလိုတွက်ပုံရတာ။ ပြီးတော့ သူက အယ်ချုပ် ကျမကို အလုပ်ပေးမယ့်သူ ....။

အချုပ်ဆိုရသော် ကျမ တယောက် ဘုမသိဘမသိ အင်တာဗျူးတိုက်ကို ရောက်သွား၊ ဟိုမှာ အခန်းကျဉ်းလေးထဲ လူတွေ ရုတ်ရုတ် ရုတ်ရုတ်လုပ်နေကြ။ ငါလျှောက်တာ လစ်ဗင်းကာလာပါ။ ဘယ့်နှယ် တခါမှ မကြားဖူးတဲ့ အင်တာဗျူးဂျာနယ်က ဝင်ပါလာတာပါလိမ့်ပေါ့။ ကြောင်တောင်တောင်နဲ့ တွေးရင်း ထိုင်စောင့်နေ။ အဲ့တုန်းက အင်တာဗျူးဂျာနယ်က ပထမဆုံးအစ်ရှူးပဲ ထွက်ရ သေးတာလေ။ အဲဒီတော့ ဘယ်သိပါ့မလဲ။ ပုလင်းဖင် မျက်မှန်ကြီးနဲ့ ခပ်ပြုံးပြုံးခပ်ဝဝ အကိုကြီးကိုလည်း ကိုဟန်ထက်မောင်လို့ ဘယ်သိပါ့မလဲ။ လားလား ကျမကို ဝင်ခဲ့ပါဆိုခေါ်ပြီး ဗျူးတော့တာကိုး။ ဆလီဗရစ်တီ မို့လို့ ဗျူးတာမဟုတ်ပါဘူး။ အလုပ်ခန့်မလို့ အင်တာဗျူးတာပါ။ ဒီလိုတဲ့ ...။

ကျမရဲ့ လစ်ဗင်းကာလာက လျှောက်လွှာကို ကိုဟန်ထက်မောင်က တွေ့တယ်။ လစ်ဗင်းကာလာက ကျမကို မရွေးတော့ အဲဒီလျှောက်လွှာကို သူက (အလားအလာရှိမယ့် ကောင်မလေးပဲဆိုပြီး :P) လိုရမယ်ရ သိမ်းထား လိုက်တယ်။ အဲဒီ ဝတ္ထုမကျ ဆောင်းပါးမကျ အင်္ဂါမစုံတဲ့စာကို သူက အရေးအသားလေး နည်းနည်းညက်တယ် ဆိုပြီးသကာလမှာ အရောင်တင်ပေးလိုက်ရင် တောက်ပြောင်သွားမယ်လို့ ထင်ပုံရပါတယ်။ ခုချိန်မှာတော့ သူ နောင်တရနေလောက်ပြီ။ ဘာလို့ဆို ကျမက ရေးတော့မှာကိုး။ (အမယ်မင်း အရောင်တင်မိတာ မှားပြီအမေရဲ့ လို့တောင် ငိုချင်းချချင်ချနေမှာ)

ထားပါတော့လေ ... အဲဒီမှာ အသားဖြူဖြူ၊ ခပ်ဝဝ၊ ရုပ်ဖြောင့်ဖြောင့်၊ ခန့်ခန့် အန်ကယ်ကြီး (သူ့အကြောင်း ကလည်း ရေးတော့မှာ ဆိုတော့ ခုလိုကြိုပြောထားမှ) တယောက်က ကျမကို အရင်ဗျူးပါတယ်။ အဲဒီ အန်ကယ် ကြီးက ဖိုးသောကြာ (ခေတ်/ မိုး) ပါ။ ခေတ် ဆိုတာ ဗမာ့ခေတ်၊ မိုးဆိုတာ ကတော့ မိုးကြိုးပေါ့။ အဲဒီသတင်းစာ ၂ စောင်မှာ သတင်းထောက်လုပ်ခဲ့တဲ့ အန်ကယ်ကြီးလေ။

ကိုဟန်ထက်မောင်ကလည်း ဆေးပေါ့လိပ်တိုလေးဖွာလိုက်၊ ဒီဇိုင်နာကို ဟိုဟာဒီဟာ ပြောလိုက်၊ ကျမကို တချက်တချက် လှည့်ဗျူးလိုက် လုပ်ပါတယ်။ ဗျူးတယ်ဆိုပေမယ့်လည်း တောင်မေးမြောက်မေးပါ။ ဗိုလ်ချုပ်မှူးကြီးနာမည် ဘယ်လိုခေါ်လဲတို့ဘာတို့တော့ ဘယ်မေးမလဲ။ (မေးရင်လည်း ကျမက မသိဘူးလို့ ဖြေမှာပေါ့ :P)

ဘာတွေမေးလဲတောင် မမှတ်မိတော့ပါဘူး။ နောက်ဆုံးမှာတော့ ကျမကို စာမေးပွဲစစ်တယ်။ ကျမ သူတို့အတွက် အင်တာဗျူး တခုလုပ်ပေးရမယ်တဲ့။ အဲဒီအင်တာဗျူုးလုပ်ပြီး ရေးပြီးယူလာနိုင်ရင် အလုပ်ရပြီတဲ့။ ကဲ ... လုပ်မယ်ပေါ့ ကျမက။ ဘယ်သူလဲ ဆိုတော့ .... ဘုရား ဘုရား အင်တာဗျူးတဲ့သူမှန်သမျှကို ဘုဂလန့် လုပ် လုပ်လွှတ်တတ်တဲ့ စာရေးဆရာမင်းလူ တဲ့။ မေးရမယ့် မေးခွန်းကတော့ ၃၃ လမ်းထဲက စာရေးဆရာတွေ ထိုင်တဲ့ လက်ဘက်ရည်ဆိုင်ကို လေထန်ကုန်း လို့ ပေးတဲ့သူက ဆရာမင်းလူလို့ ကြားဖူးပါတယ်။ အဲဒါ ဟုတ်ပါသလား ..။ အဲလို မေးရမှာဆိုပဲ။ (အချွန်နဲ့ မ တာလေ ... ကဲ အပိုင်း ၃ ကို နောက်များမှပဲ)။







ဝတ္ထုတို ၁၄

တကယ့်အဖြစ်အပျက်တခုကို စိတ်ကူးနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းတပုဒ်ပါ။ ဒီဇာတ်လမ်းကို ချရေးဖို့ ကျမကို မြှောက်ပေးတဲ့သူက ရှိနေတော့ နဂိုကတည်းက ရေးချင်ချင်ကျမအတွက် အဆင်ပြေသွား တာပေါ့လေ။ တခုဝန်ခံစရာရှိတာက ဒီဇာတ်လမ်းကျောရိုးရယ်၊ နေရာရယ် ကလွဲရင် နာမည်တွေနဲ့ ဖြစ်ပျက်ပုံ အသေးစိတ်က ကျမရဲ့ စိတ်ကူးသက်သက်သာ ဖြစ်ပါတယ်။ တူးတူးသာတယောက် ရူးပြီး လျှို့ဝှက်သည်းဖိုလိုလို၊ ဂမ္ဘီရလိုလို လုပ်လာပါလားလို့ ထင်ရင်လည်း ထင်နိုင်ပါတယ် :P ကဲ ... ငါ့တူကြီးရေ ရေးပြီဟေ့။ ပြောခဲ့သလို ကြိုက်တယ်ဆိုရင်တော့ ကြော်ငြာပေးပေါ့ကွာ .. ဟုတ်လား။

ဝါးရင်းတုတ် ပုံပြင်

တကယ့်ကို ထိတ်လန့် အံ့သြစရာ အဖြစ်အပျက်တခု ကျမတို့ သန်လျင်မြို့ကလေးမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျမရဲ့အသက်က လွန်ရောကကျွံရော ၁၁ နှစ် ၁၂ နှစ်လောက်ပေါ့။ ကျမရဲ့ အသက်ကို အတိအကျ မမှတ်မိပေမယ့် အဲဒီတုန်းက သန်လျင်တမြို့လုံး ဟိုးလေးတကျော်ကျော်နဲ့ ဖြစ်ခဲ့တဲ့ အဲဒီအဖြစ် အပျက်ကိုတော့ ကျမ မမေ့နိုင်ဘူး။

ကျမမေမေရဲ့ အခင်ဆုံးသူငယ်ချင်း အန်တီတိုးမှာ သိပ်ချောသိပ်လှတဲ့ တူမ ၂ ယောက် ရှိတယ်။ အကြီးက ဝါဝါ၊ အငယ်က နီနီ တဲ့။ သူတို့ အမေက အင်္ဂလို မြန်မာစပ်ဆိုတော့ သူတို့မျက်နှာ လေးတွေက နုဖပ်ပြီး သိပ်ချစ်စရာကောင်းတယ်။ အသားလေးတွေကလည်း ဖြူဖွေးလို့။ သူတို့က အဒေါ်အပျိုကြီး အန်တီတိုးနဲ့ နေတာများတယ်။ မေမေက အန်တီတိုးဆီသွားလည်ရင် ကျမပါ လိုက်လိုက်သွားလေ့ရှိတယ်။ အဲဒီတုန်းက အဲဒီမမတွေက ၁၀ တန်းတဲ့။ မမဝါက ၁၀ တန်း ၁ နှစ်ကျ ထားတာ။ မမနီကတော့ အဲဒီနှစ်ကမှ ၁၀ တန်းပေါ့။

အဲဒီအချိန်က ခေတ်စားတဲ့ ဖြောင့်စင်းနက်မှောင်တဲ့ ဆံပင်တွေကို အလယ်ခွဲ ခွဲထားတဲ့ ဂျူးလိယက် ပုံစံ ဆံပင်လေးတွေ ဆင်တူ၊ အင်္ကျီဆင်တူ ထဘီဆင်တူနဲ့ အဲဒီ မမနှစ်ယောက်ကို ကျမ အမြဲ ငေး ငေး ကြည့်မိတယ်။ အသက်က မတိမ်းမယိမ်းဆိုတော့ အမွှာညီအစ်မလို့တောင် တချို့ကထင်ကြတယ်။ သူတို့ ၂ ယောက်က ခုလို တံတားကြီး မထိုးရသေးတဲ့ အချိန်၊ သန်လျင်လို တောကျကျ မြို့ကလေးမှာ တကယ့် စတားတွေပေါ့။

ကိုကို ကာလသားတွေရဲ့ ပါးစပ်ဖျားမှာ ဝါဝါနဲ့ နီနီ ဆိုတာ မပြောဖြစ်တဲ့နေ့ ရှိမယ်မထင်ဘူး။ သူတို့ ၂ ယောက်က လှသလောက် မာနကြီးတယ်၊ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး ဆိုတာကလည်း အဲဒီတုန်းက ကောင်လေးတွေရဲ့ စိတ်ထဲ ကျလိကျလိနဲ့ အသည်းယားစရာ။ တချို့ကျတော့ မရတဲ့ အမဲ သည်းနဲ့ ပက် ဆိုတာလို အဲဒီညီအစ်မကို ကွယ်ရာမှာ မလိုတမာ စကားတင်းပြောကြတယ်။

မေမေကတော့ “မာနကြီးမယ်ဆိုလည်း ကြီးလောက်တယ်လေ၊ သူတို့က သန်လျင်မှာ အချမ်းသာဆုံး ဆိုတဲ့ စာရင်းထဲ ပါတာကိုး” လို့ ပြောလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ၂ ယောက် လှတာကတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။

ချမ်းသာတယ်ဆိုလို့ ဟုတ်တော့ ဟုတ်သား။ အဲဒီတုန်းက ကျမတို့ မြို့ကလေးမှာ ကိုယ်ပိုင်ကား စီးနိုင်တဲ့သူ အရေအတွက် လက် ၅ ချောင်း မပြည့်သေးတဲ့ အချိန် မမတို့ ဖေဖေက အနက်ရောင် မာဆီဒီး ကားကြီး စီးနိုင်တယ်လေ။ သူတို့အိမ်ကြီးကလည်း ကျမတို့ မြို့ကလေးရဲ့ အကောင်းဆုံး နဲ့ အကြီးဆုံး ဆိုတဲ့ထဲမှာ ပါပါတယ်။

မာနကြီးတဲ့ သူတို့ ညီအစ်မ ၂ ယောက်နောက်ကို လိုက်တဲ့ ဘယ်ယောက်ျားသားမဆို တပ်ခေါက်ပြီး ပြန်ရတာ ချည်းပဲ။ သူတို့ ညီအစ်မက ဟားတိုက်လှောင်ပြောင်လွှတ်လိုက် တာချည်းပဲလို့ ကြားဖူးတယ်။ သူတို့ကြောင့် ရူးကြောင်ကြောင် ဖြစ်ကုန်တာ၊ သူတို့ကြောင့် အရက်အိုးထဲ ခေါင်းနစ်ကုန်တာ၊ သူတို့ကြောင့် စစ်ထဲ ဝင်သွားတာ .... သူတို့ကြောင့် ... သူတို့ကြောင့် ဆိုတာတွေက တခါနဲ့ တခါ မထပ်စေရဘူး။ ပိုတယ် မထင်ပါနဲ့ ... ကျမတို့ မြို့ကလေး အနေအထားနဲ့ အဲလိုကို ဖြစ်ခဲ့တာပါ။

တခုသော ဒီဇင်ဘာ မနက် ဝေလီဝေလင်း အချိန်မှာတော့ ကျမတို့ မြို့ကလေး တမြို့လုံး အထိတ်တလန့်နဲ့ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုက စိတ်ကူးယဉ်ဇာတ်လမ်း တပုဒ်လိုမျိုး ဖြစ်ခဲ့ပါတော့တယ်။ အဲဒီနေ့က သန်လျင်မှာ နှင်းတွေ ဝေနေလေရဲ့ ....။

* * * *

နှင်းမှုန်ကလေးတွေ ကျနေတဲ့အသံက ဖြိုးဖြိုးဖျောက်ဖျောက်နဲ့။ နှင်းတောထဲ လမ်းလျှောက်ရတာ နီနီ အရမ်းသဘောကျတယ်။ ဒါကြောင့်လည်း ကျူရှင်ချိန်ကို မနက်ပိုင်း ရွေးတာပေါ့။ မမက နီနီ့လိုမဟုတ် ဘူး။ မနက်အစောကြီးထရမှာ ပျင်းတယ်တဲ့။ စာကိုညဥ့်နက်ထိ ကြည့်ပြီး မနက်ကို စောစော မထဘူး။ သူကတော့ဟုတ်တာပေါ့ တနှစ်ကျပြီးသားဆိုတော့ ကျောင်းလည်း ပြန်မှ မတက်တော့တာ။

နီနီကတော့ မနက်အစောကြီးထ၊ ချမ်းလို့ ရေမချိုးနိုင်ပေမယ့် မျက်နှာသစ်ပြီး သနပ်ခါးကို ရေကြဲလေး လိမ်း၊ ဒက်ဒီနိုင်ငံခြားက ဝယ်လာတဲ့ ယုန်မွှေးဆွယ်တာ အညိုလေးနဲ့ ကျူရှင်ကို လမ်းလျှောက်သွား ရတာ သိပ်ပျော်ပေါ့။ ကျောင်းက နေ့လည်မှ တတ်ရတာဆိုတော့ ကျောင်းဝတ်စုံဝတ်စရာ မလိုသေးဘူး လေ။ ဆွယ်တာလေးနဲ့လိုက်တဲ့ ထဘီကို နီက ချပ်ချပ်ရပ်ရပ် ဝတ်တတ်တယ်။ သြော် ကျန်သေးတယ်။ နီ့ခေါင်းမှာ ခြံထဲက စပယ်ရုံမှာပွင့်နေတဲ့ စံပယ်ပန်းတခက်ချိုးပန်ခဲ့တယ်။ ပန်းလေးက သိပ်လတ်ဆတ် တာပဲ။ နှင်းမှုံလေးတွေတင်နေတဲ့ စံပယ်ပန်းကို နီ သိပ်ချစ်တာလေ။ အိပ်ပုပ်ကြီးတဲ့ မမကတော့ အဲလို အခွင့်အရေးတွေ မရတော့ဘူးပေါ့။ ဖေဖေ ဆင်တူဝယ်ပေးတဲ့ ဆွယ်တာလေးတောင် မမ ထုတ်မဝတ်ရ သေးဘူး။

သန်လျင်မြို့ကြီးက အိပ်မောကျနေတာ မဟုတ်ပေမယ့် အိပ်မှုန်စုံမွှား အခြေအနေလို့ ပြောရမယ် ထင်ပါရဲ့။ နီတက်ရမယ့် ကျူရှင်ဘက်မှာဆို အိမ်တွေ တံခါးတောင် မဖွင့်သေးဘူး။ ဒီနေ့ထူးဆန်းတယ်။ ခါတိုင်းဆို နီ သာဓုလမ်းထဲ ချိုးဝင်လိုက်တာနဲ့ သိန်းတန်ကို တွေ့ရပြီ။ နီ့နောက်က တကောက်ကောက် လိုက်၊ ပြီးရင် နီ့ကိုသူ ဘယ်လောက်ချစ်တယ် ဆိုတာပြော၊ သူ့ကို ပြန်ချစ်ဖို့ တောင်းဆိုနဲ့။ ရီရတယ်။ နီက သူ့ကိုပြန်ချစ်ရမတဲ့။

သူ့ရုပ်ကတော့ သိပ်မဆိုးလှပါဘူး။ အသားလတ်လတ်၊ နှာတံပေါ်ပေါ်နဲ့ အရပ်က ခပ်မြင့်မြင့်။ မျက်နှာ ကတော့ ဂျစ်တစ်တစ်။ မနေ့ကတော့ နီ့လက်ကိုသူက လှမ်းကိုင်ဖို့လုပ်တာနဲ့ တော်တော့ကို ပြောပစ် လိုက်တယ်။ နီက ဒါတွေ မစဉ်းစားသေးဘူးလေ။ စဉ်းစားရင်လား သူလိုကောင်ဝေးလို့ သန်လျင်မြို့က အချမ်းသာဆုံးဆိုတဲ့သူတွေရဲ့ သားတွေကိုတောင် မစဉ်းစားဘူး။ သိန်းတန်အမေက မကောင်းတဲ့ မိန်းမကြီးတဲ့၊ ဒီကောင်က ဆယ်တန်းကို ၁ ခါကျထားတာ၊ ပြီးတော့ ဆိုးတဲ့ တေတဲ့ နေရာမှာ နာမည်ကြီးပဲ။ ဘာတခုမှ ကောင်းတာမရှိ။

တော်တော်တော့ ဇွဲကောင်းတဲ့သူ။ နီ့နောက်ကို လိုက်နေတာ တော်တော်ကြာပြီ။ တခြားသူတွေဆို တပ်ခေါက်ပြန်ရောပေါ့။ သူကတော့ လုံးဝတပ်မခေါက်ဘူး။ ဒါပေမယ့် ဒီနေ့ထူးဆန်းတယ်။ ခုထိကို မတွေ့ရသေးဘူး။ သတိရတယ်တော့ မဟုတ်ပါဘူး။ မြင်နေကျမမြင်တော့ တမျိုးဖြစ်တာပါ။ တခုတော့ ရှိတယ်။ မနေ့က နီပြောလိုက်တဲ့ စကားကြောင့် တပ်ခေါက်သွားတာများလားမသိ။ အဲလိုဆိုလည်း ခပ် ကောင်းကောင်းပဲ။

“နင်လို မကောင်းတဲ့ မိန်းမက မွေးတဲ့ သားမပြောနဲ့ ဒီတမြို့လုံးက အချမ်းသာဆုံးဆိုတဲ့ဟာတွေတောင် ငါစိတ်မဝင်စားဘူး။ နောက် နင်ငါ့နောက်လိုက်ဖို့ မကြိုးစားနဲ့။ ကြားလား”

အဲလိုပြောလိုက်တဲ့ အချိန်မှာ သိန်းတန် ငြိမ်သွားပြီး နီ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတယ်။ သူကြည့်တာ တကယ့်ကို ကြောက်စရာကြီးပဲ။ ဒါပေမယ့် နီလား ... မကြောက်ပါဘူး။ အဲလိုပြောလိုက်တော့ တတော ရှင်းတာပေါ့။ ခုဆို နှင်းမှုံကလေးတွေရယ် နီရယ်ပဲ ရှိတယ်။ ဟင် .... နှင်းတွေက ပိုတောင်ကျလာ သေးတယ်။ ရှေ့ကိုတောင် သိပ်မမြင်ရချင်ဘူး။ ဒါပေမယ့် ရှေ့မှာ .. ရှေ့မှာ ...။ လူတယောက် ထင်တယ်။ နီ့ ရှေ့က ပိတ်ရပ်နေတာ။

“နီ့ရဲ့ လည်တိုင်လေးက သိပ်လှ၊ သိပ်ကျော့ရှင်းတာပဲ။ ဘာမှမဝတ်ဘဲကို ကြည့်ကောင်းတာ။ ကြည့်စမ်း မာမီ့ ပတ္တမြား ဘယက်ကလေးနဲ့ ဘယ်လောက်လိုက်လဲ။ ပွဲလမ်းရှိရင် ဝတ်သွားနော်” လို့ မာမီက အမြဲပြောလေ့ ရှိတယ်။ ဖော့ဖရောင်းလေးလို၊ လက်နဲ့ ထိလိုက်ရင်တောင် ပဲ့ကြွေသွားမတတ် ဖြူစင် ဝင်းပ နေတဲ့ နီ့လည်တိုင်လေးပေါ်ကို ဝါးရင်းတုတ်ကြီးတချောင်း အရှိန်နဲ့ ကျမလာခင်ထိ အဲဒီနေရာလေးက သာယာနေခဲ့တာပါ။

* * *
အံ့အားသင့်နေတဲ့ ပဲပြုတ်သည်ကြီးရယ် .... ခွေခွေလေးလဲကျနေတဲ့ ကောင်မလေးတယောက်ရယ်။ အံကြိတ်ပြီး “ငါက အချစ်ကြီးတယ် မိနီ သိလား။ ဒါပေမယ့် အမေ့ကိုထိရင် လုံးဝမခံဘူး။ အဲဒါကို နင် တမလွန်ထိ မှတ်သွားလိုက်” လို့ပြောရင်း နေရာက ချာကနည်းလှည့်ထွက်သွားတဲ့ ကောင်လေးတ ယောက်ရယ် ...။ ကျန် သေးတယ် အနီဘက်ကို ကူးပြောင်းသွားတဲ့ စပယ်ပန်းခက်ကလေးရယ်ပေါ့။

နှင်းတွေက သည်းသည်းထန်ထန်ကျဆဲပဲ။ လမ်းကလေးက ခဏတော့ တိတ်ဆိတ်သွားခဲ့တယ်။ ပဲပြုတ်သည်ကြီး သတိမဝင်ခင်ထိပေါ့။ နှင်းတွေဝေလွန်းလို့ ကောင်လေးမျက်ဝန်းက မျက်ရည်စတွေကို တဦးတည်းသော သက်သေ ပဲပြုတ်သည်ကြီး မမြင်လိုက်ရဘူး။

* * *
အဲဒါပါပဲ .... ကျမတို့ မြို့ကလေးမှာ အဲဒီအချိန်ကစလို့ ဝါးရင်းတုတ်ဆိုတဲ့ ဝေါဟာရ တခုကို တွင်တွင် သုံးလာ ကြတာ ...။ မိန်းကလေးတယောက်လုံးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဆိုတဲ့ သိန်းတန်က အဲဒီနေ့မှာပဲ ဝါးရင်းတုတ်နဲ့အတူ သန်လျင်ရဲစခန်းမှာ သွားအဖမ်းခံတယ်တဲ့။
ကျမ အစ်မ အပျိုတွေကို လူကြီးတွေ ဆုံးမတဲ့အခါတိုင်း ဝါးရင်းတုတ်က မပါမပြီးဘဲ။

“နင်တို့နော် ... အပြောအဆို မတတ်ရင် ဝါးရင်းတုတ်စာ မိသွားမယ်။ ဘာမှတ်လဲ။ ဟင်းဟင်း” အဲလိုမျိုး ဆုံးမတာ မခံရဘူးတဲ့ အဲဒီခေတ်က မိန်းကလေးဆိုလို့ သန်လျင်မှာ တယောက်မှ ရှိမယ် မထင်ဘူး။ ကျမတောင် အပျိုမဟုတ်သေးဘဲ ရောကောသောကော ဆုံးမခံလိုက်ရသေး ...။

ကျမတို့ မိန်းကလေးငယ်တွေအတွက်ကတော့ ဒီကိစ္စဟာ ကျောင်းမှာ သိပ်ကို ပြောလို့ကောင်းတဲ့ ကိစ္စပေါ့။ အဲဒီမှာ ကျမမေမေက အန်တီတိုးနဲ့ သိတဲ့သူ၊ ကျမကိုယ်တိုင် အဲဒီမမတွေအကြောင်းသိတဲ့ သူဆိုတော့ (စာရေးဆရာဖြစ်မယ့် ဇာတာကလည်း ပါလာထင်ပါရဲ့) ဇာတ်လမ်းတပုဒ်လို တဖွဲ့တနွဲ့ ပြောပြတော့တာပါပဲ။

သူငယ်ချင်းမိန်းကလေးတွေဆိုတာ ဒီဇာတ်လမ်းပြောနေတဲ့အချိန် တယောက်ကို တယောက် ပူးကပ် ထိုင်ကြတာ၊ ခဏနေပဲ ကိုသိန်းတန်တယောက် ဘွားကနဲ ဝါးရင်းတုတ်ကြီးနဲ့ ရောက်လာတော့မှာ လိုလို .... ။

* * *

အဲဒီတုန်းက ဟိုးလေး တကြော်ကြော်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းနဲ့အတူ ရက်မလည်ခင်မှာ ဂမ္ဘီရဆန်ဆန် ဖြစ်ရပ်တခုလည်း ဖြစ်ခဲ့သေး တယ်။

ရက်မလည်ခင် တည မမနီတို့အိမ်ကို အန်တီတိုးရဲ့ မိတ်ဆွေတယောက် ရောက်လာတယ်။ သူက ရပ်ဝေးမှာနေတာ။ အသုဘအိမ်ကိုတွေ့တာနဲ့ အဲဒီလူကြီးက အန်တီတိုးကို “ဟဲ့တိုးတိုး ... နင့်တူမ အငယ်လေး ဆုံးသွားတာ မဟုတ်လား” လို့ မေးတယ်တဲ့။ ဒီအထိက မထူးဆန်းပါဘူး။ သတင်းစာမှာ ပါပြီးသားပဲဟာ။

ထူးဆန်းတာက အဲဒီလူကြီး အာပေါင်အာရင်းသန်သန်နဲ့ ဆက်ပြောတဲ့ စကားတွေပါပဲ။ ကျမမေမေ ကြားခဲ့ရလို့ ကျမကိုပြန်ပြောပြတာပါ။ အဲဒီလူကြီးက သန်လျင်ကိုမလာခင် အကြီးအကျယ် ငှက်ဖျား ဖြစ်ပြီး သတိလစ်သွားတာတဲ့။ သတိလစ်တဲ့အချိန် (မျောနေချိန်) သူ တနေရာကိုရောက်သွားတော့ အဲဒီမှာ သေပြီးသား သူတွေနဲ့အတူ မမနီကိုတွေ့တယ်တဲ့။

“ဟဲ့ နင် တိုးတိုးတူမလေး နီနီ မဟုတ်လား။ ဒီမှာ ဘာလုပ်နေတာလဲ”
“ဟုတ်ကဲ့ဦး။ သမီးဒီမှာ အပြီးနေမှာ။ ဦးကပြန်မှာ မဟုတ်လား။ ဦးပြန်မယ်ဆိုရင် သမီးတခုလောက် မှာလိုက်ပါရစေ။ မမဝါကိုပြောပေးပါဦးရယ်။ သမီးရဲ့ ကွန်ပါဘူးထဲက ဖောင်တိန်အနီလေးက သမီး သူငယ်ချင်း ယဉ်ယဥ့်ဥစ္စာ။ ပြန်ပေးပေးပါလို့ .. နော်”
“အေးအေး ဦးပြန်ရောက်တာနဲ့ သွားပြောပေးမယ်”

သူတို့ ၂ ယောက် အပြန်အလှန် အဲလိုတွေပြောပြီးနောက်မှာ အဲဒီလူကြီးက သတိပြန်လည်လာပြီး။ နေပြန်ကောင်းတာနဲ့ ချက်ချင်းပဲ သန်လျင်က အန်တီတိုးဆီ အပြေးထွက်လာတာ ဆိုပဲ။

သူ့စကားဆုံးတာနဲ့ မမဝါက တိုင်မှာချိတ်ထားတဲ့ မမနီရဲ့ ကချင်လွယ်အိတ်ကလေးထဲက ကွန်ပါဘူး လေးကို ထုတ်ကြည့်လိုက်တဲ့ အချိန်မှာ တကယ်ပဲ မယဉ်ယဉ်ရဲ့ ဖောင်တိန် အနီရောင်လေးကို တွေ့တယ်လို့ မေမေက အံ့သြတကြီးပြောပြတယ်။

အဲဒီအကြောင်းတွေကို ကျမက သူငယ်ချင်းတွေကို ပုံပြင်တပုဒ်လို ပြန်ပြန်ပြောပြတာ။ ကျမတို့ အ ထ က ၃ ကျောင်းတော်ကြီးမှာ အဲဒီရက်တွေက ဝါးရင်းတုတ်ဆိုတာ ဇာတ်လိုက်ကျော်ကြီးပါပဲ။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဝါးရင်းတုတ်ဆိုတာကို တွင်တွင်ပြောနေပေမယ့် ကျမ ဝါးရင်းတုတ်ကို မြင်တောင် မမြင်ဖူးပါဘူး။ ဝါးပင်နဲ့ ဝါးလုံးကိုသိပေမယ့် ဝါးရင်းတုတ်ဆိုတာ ဘယ်လိုဟာလဲ ကျမ မသိတာ အမှန်ပါ။ နောက်မှ ဝါးပိတ်ဝါးရဲ့ အရင်းဘက်ကိုခေါ်တယ်ဆိုတာ သိတော့တာ။

ကာလ အတန်ကြာတဲ့ အထိ ဝါးရင်းတုတ်၊ နီနီနဲ့ သိန်းတန်တို့ရဲ့ ဇာတ်လမ်းဟာ သန်လျင်မြို့မှာ မှေးမှိန် သွားခြင်းမရှိပါဘူး။ သန်လျင်မြို့က ကောင်မလေးတွေဟာ သူတို့ကိုစကားလိုက်ပြောတဲ့ ကောင်လေး တွေကို ပြန်မကြိုက်နိုင်သည့် တိုင်အောင် စကားမာမာ မပြောရဲကြဘူး (အဲဒီကာလတွေက ပြောပါ တယ်။ ခုတော့ မသိဘူးနော်)။ ကျမဆို ဝါးရင်းတုတ်ကိုစဉ်းစားမိတိုင်း လည်ပင်းက ယားယား လာတတ်တာ။

ကိုသိန်းတန်ကို သေဒဏ် အမိန့်ချလိုက်တယ်တဲ့။ သန်လျင်လူထုရဲ့ အမုန်းကတော့ ကိုသိန်းတန်ဆီမှာ ပုံကျနေလေရဲ့။ မျက်မြင်သက်သေကလည်း ပဲပြုတ်သည်ကြီး တယောက်လုံးရှိ၊ သူကိုယ်တိုင်လည်း ဝန်ခံဆိုတော့ အမှုက လုံးဝထင်ရှားနေတာ။ နောက်ပြီး သူက သေစေလိုလို့ တမင် ကြံစည်ပြီး သတ်တာဆိုတော့ အမှုက ပိုကြီးသွားတာပေါ့။

၈၈ အရေးတော်ပုံကြီး နောက်ပိုင်းမှာတော့ ဝါးရင်းတုတ်အကြောင်း သန်လျင်မြို့မှာ သိပ်မပြောကြ တော့ပါဘူး။ ဝါးရင်းတုတ်ထက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ပေါ်လာခဲ့တာကိုး။ ကောင်မလေး တွေကိုလည်း လူကြီးတွေက “နင်တို့နော် ဝါးရင်းတုတ်စာတော့ မိတော့မှာပဲ” လို့ ဘယ်လူကြီးကမှ မဆုံးမကြတော့ဘူး။

မမနီရဲ့ အုတ်ဂူလေးက သူတို့ ခြံဝင်းကြီးထဲမှာ မနှစ်ကထိ ရှိနေပါသေးတယ်။ အဲဒီခြံကြီးထဲမှာ ဘယ်သူတွေ နေတယ်တော့ မသိဘူး။ မမဝါကတော့ အိမ်ထောင်ကျပြီး အမေရိကားကို အပြီး ထွက်သွားပြီလို့ ကြားတယ်။ ထူးခြားတာက သူ့ယောက်ျားက ကျမတို့ မြို့က ဝက်သားသည်ကြီးရဲ့ သားတဲ့။

မနှစ်က စက်တင်ဘာဆန္ဒပြပွဲ အပြီးလောက်မှာ ကိုသိန်းတန် ပြန်လွတ်လာတယ်လို့ ကျမ ကြားတော့ ဝါးရင်းတုတ်ကို သတိရလိုက်မိတယ်။ မမနီရဲ့ မျက်နှာနုနုလေးကိုလည်း မြင်ယောင်လာတယ်။ မြန်မာ ပြည်ရဲ့ တရားစီရေးတွေ၊ ဥပဒေ ရေးရာတွေ နားမလည်တဲ့အတွက် သေဒဏ်ကျခံပြီးတဲ့ သူတယောက် ဘာလို့ ပြန်လွတ်လာလဲဆိုတာ ကျမ နားမလည်ပါဘူး။

အဲဒီအချိန်မှာ သူဘယ်လိုနေမလဲ ဆိုတာတော့ ဝတ္ထုရေးဝါသနာပါသူပီပီ ကျမသိချင်မိတယ်။ ဟိုးတုန်းက ကျမရဲ့ ကလေးအတွေးမှာ လူကြမ်းကြီးကိုသိန်းတန်က စက်တိုင်ပေါ် ဖြည်းဖြည်းချင်း တက်သွား နောက်ဆုံးအနေနဲ့ အံတချက်ကြိတ်ပြီး “နီနီရေ .. မင်းနောက်ကို ငါလိုက်လာပြီဟေ့” လို့ ပြော။ ပြီးတဲ့အချိန်မှာ မျက်နှာကိုအဝတ်နက်ကြီးအုပ်၊ စက်ခလုပ်နှိပ် ....ဝုန်းကနဲ အဲလို စိတ်ကူးယဉ်ခဲ့ဘူးတယ်။

ဒါပေမယ့် စိတ်ကူးယဉ်တယ်ဆိုတာ တကယ့်လက်တွေ့မှ မဟုတ်တာပဲ။ ခုတော့ ကိုသိန်းတန်လည်း မိန်းမရနေပြီပြောတယ်။ သူ့အမေကြီးနဲ့အတူ သန်လျင်မှာ သူတို့လက်ငုတ် အရက်ပုန်းချက်တဲ့ အလုပ် လုပ်နေတယ်တဲ့။ နောက်တော့ သူက တခါတလေ စွမ်းအားရှင် လုပ်တယ်လို့လည်း လူတွေက ပြောကြတယ်။ သူ လွတ်လာတော့ မမနီရဲ့ အုတ်ဂူရှိရာကို သူသွားကြည့်ခဲ့လား၊ မကြည့်ခဲ့ဘူးလား မသိပါဘူး။

ခုတော့ ကျမမေမေကော အန်တီတိုးကော အသက်တွေ ကြီးပြီ ...။ တလောက ကျမမေမေ့ဆီ ဖုန်းဆက်ရင်း သတိရတာနဲ့ အဲဒီအကြောင်း မေးကြည့်တော့ မေမေက ပြောပြတယ်။ မမနီတို့ခြံကြီးက ခု တည်းခိုရိပ်သာ ဖြစ်နေပြီတဲ့။ သန်လျင်မှာ ပြည့်တံဆာ မိန်းကလေးတွေ အများဆုံးလို့ နာမည်ကြီးတဲ့ တည်းခိုရိပ်သာ တဲ့ ...။ မမနီရဲ့ အုတ်ဂူကော ဆိုတော့ နောက်ဝယ်တဲ့သူက ဖျက်လိုက်တယ်တဲ့။

အဲဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကြီးဖြစ်တဲ့ ဝါးရင်းတုတ်ကတော့ သန်လျင် ရဲစခန်းမှာ လဲလျောင်း ငြိမ်သက် နေပါလိမ့်မယ်။

နှင်းတွေဝေတဲ့ ဒီဇင်ဘာ နံနက်ခင်းတခုမှာ အဲဒီအဖြစ်အပျက်တွေ တကယ်ကို ဖြစ်ခဲ့တာပါ ...။ ။







ဝတ္ထုတို ၁၃

အပျင်းထူပြီး အသစ်တွေ သိပ်မရေးဘဲ ခပ်တည်တည်နဲ့ ရှိပြီးသားဝတ္ထုတွေ ခြွေပြီး ရိုက်တင် နေတာ ဒါနောက်ဆုံးပဲ :(ကုန်ပြီ။ ရှိတော့ဘူး။ ဒီဟာပြီးရင်တော့ တကယ်ကို ရေးမှ ရတော့မှာ။ အရေးထဲ မောင်တွေ ညီမတွေကလည်း စီပုံးမှာလာပြီး အသစ်၊ အသစ် လုပ်နေတယ်။ တကယ် ဖတ်ချင်တာထက် ကျမကို အလုပ်မလုပ် လုပ်ရအောင် လာပြီး တွန်းနေတာ ဖြစ်မယ်။ ဒီကောင်တွေအကြောင်း မသိတာမှတ်လို့။ ဒီတော့ အားလုံးသိအောင် ကြေညာထားလိုက်ပါ ရဲ့။ ဒီတပုဒ်ပြီးလို့များ အသစ်မတက်နိုင်ရင် တူးတူးသာတယောက် ဖျားနေလို့ရင်ပဲ ဖြစ်ဖြစ် ခရီး ထွက်နေတယ် လို့ရင်ပဲဖြစ်ဖြစ် ထင်လိုက်ကြပါလို့ :p ခုတင်မယ့် ဝတ္ထုလေးကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါခဲ့ပါတယ်။ ထုံးစံအတိုင်း အပြင်က တကယ့် ဇာတ်ကောင်တွေ အကြောင်းပါပဲ။

တံငါနားနီး

“အိသက်နိုင်၊ အိသက်နိုင် ထစမ်း ... ထတော့ဆို ... သုံးနာရီတောင် ထိုးပြီ။ ဈေးကြိုသွားရ မယ်လေ”
“အင်း .... အင်း”
“အိသက်နိုင် .... ငါပြောနေတာ မကြားဘူးလား။ ကောင်မ နင့်ကို ငါ လုပ်လိုက် တော့မယ် နော်”
“ဒေါက် ဒေါက်”

မထားကြည်၏ လက်ဆစ်များက အိသက်နိုင်ခေါင်းပေါ် အဆက်မပြတ် ကျရောက်သွားသည်။

“ထပါပြီ အမေရဲ့ ... ၊ အား ... တော်ပါတော့”
“ငါ မပြောချင်ဘူးနော် ... အသံမထွက်ချင်လို့ကို မရဘူး။ နှိုးရင် တခွန်းထဲနဲ့ ထပါလား။ ငါ ... တယ်”

မပြောချင်ဘူးဆိုပြီး ဆက်လက်ပြောဆိုနေကာ လက်ဖြင့် ရွယ်နေပြန်သောကြောင့် အိသက်နိုင် ဇက်ကလေး ပုဝင်သွားသည်။ ဒီအလုပ်ကို အိသက်နိုင် မလုပ်ချင်ပါ။ မနက် သုံးနာရီဆိုတာ ကလေး တယောက်အတွက် အိပ်ကောင်းတုန်း အချိန် မဟုတ်လား။ သူ့အောက်က ကုလားတို့ အိပုတ်တို့ ကျတော့ အိပ်လိုက်တာ သိုးလို့။ သူက အကြီးဆုံးဆိုတော့လည်း မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ရမည်သာ။ ခါတိုင်းတော့ ဒီဈေးကြိုတဲ့ အလုပ်ကို အမေလုပ်နေကျလေ။

အခု အမေ့ကိုယ်ဝန်က ရင့်လာပြီဆိုတော့ ဈေးမကြိုနိုင်တော့။ အိသက်နိုင်ရဲ့ တာဝန်ဖြစ်ပြီ။ အိသက်နိုင်ရဲ့ အသက်က ရှေ့လဆို ၁၃ နှစ် တင်းတင်းပြည့်ပြီ။ အိသက်နိုင် သူများတွေလို ကျောင်းနေလိုလှသည်။ ဒါပေမယ့် သူက ကျောင်းစာမှာ ညံ့ဖျင်းလှသည်။ စာမလိုက်နိုင်တာကို အကြောင်းပြလို့ အမေက သူ့ကိုဒီနှစ် ကျောင်းထုတ်တော့မည်။ အမေ့ကိုယ်ဝန်ကလည်း ရှေ့ ၂ လလောက်ဆို မွေးမည်ထင်သည်။ ရှေ့ ၂လလောက်ဆို မွေးမည် ထင်သည်။

ကိုယ်ဝန် ...။ “အဘိုးဖြစ်ပါစေ။ ဟုတ်မှာပါ။ အဘိုးပဲ ဖြစ်မှာ။ အဘိုးက အိသက်နိုင်ကို ဒီလောက် ချစ်တာ။ အဘိုးပဲ ဖြစ်ရမှာပေါ့”

အိသက်နိုင်ရဲ့စိတ်ကူး မဆုံးခင်မှာ အမေ့ရဲ့ လက်ဝါးက အိသက်နိုင်ကျောပြင်ပေါ်သို့ ဗြန်းကနဲ ကျရောက်လာသည်။

“ဘာငိုင်နေပြန်ပြီလဲ။ အိသက်နိုင်နော်။ အမြန်လုပ်ဆို။ ဟိုမှာ နင့်အဖေ စောင့်နေပြီ။ သွားတော့”

မမေ့ကို မလွန်ဆန်နိုင်သောကြောင့် မျက်နှာ ကပျာကယာသစ်ကာ သွားပင် မတိုက်နိုင်ဘဲ အိမ်ရှေ့ကို ထွက်သွားလိုက်သည်။ ဟုတ်သားပဲ အဖေတောင် စောင့်နေပြီ။

မိုးက တဖွဲဖွဲရွာနေသည်။ အိသက်နိုင် လက်ကို တင်းတင်းပိုက်လျက် အဖေ့နားကို တိုးကပ် လိုက်သည်။ အဖေက စကားတခွန်းမှ မပြောဘဲ ထီးမိုးပေးရင်း အိသက်နိုင်ဘေးက ကပ်လိုက်လာသည်။ ဈေးကြိုကားနား ရောက်တော့ မမိသိန်းနှင့် မတရုတ်မတို့က သူ့ကိုဆီးကြိုကြသည်။ ခဏနေတော့ အဖေပြန်သွားသည်။

* * * *

ဒီဈေးကလေးမှာ ထားကြည်ဟေ့ ဆိုလျင် မသိသူ မရှိ။ ဂေါ်ဖီထုတ်ကလေး နည်းနည်း၊ ငရုတ်သီးစိမ်းကလေး၊ ခရမ်းချဉ်သီးကလေး နည်းနည်း ရောင်းသည် ဆိုပြီး အထင်သွား မသေးလိုက်နှင့်။ ဒီဈေးထဲမှာ သူပေးထားသည့် အကြွေးနှင့် ကင်းသူမရှိသလောက် ရှားသည်။ သူဈေးရောင်းတဲ့ နေရာက ဈေးထဲက ဈေးခုံပေါ်မှာ ကျကျနန မဟုတ်။ အပြင်လမ်းဘေးက ဈေးတန်းမှာ ပျံကျရောင်းရတာ။

သို့ပေမယ့် အဲဒီရောင်းကောင်းတဲ့ တနေရာကို ရဖို့ တိုက်ပွဲဝင်ရတာဆိုလျင် ကြီးကျယ်သည် ထင်မည်။ အခု သူရောင်းနေတဲ့ နေရာက အရင် မျှစ်သည် ထားမိ၏ နေရာဖြစ်သည်။ မျှစ်သည် ထားမိ တရက် ဈေးနောက်ကျတော့ သူက အဲဒီနေရာမှာ ဆိုင် အကျအနခင်းကာ ခပ်တည်တည်နှင့် ရောင်းနေလိုက်သည်။ ထားမိရောက်လာတော့ ပွဲကြီးပွဲကောင်း။ သူတို့ဈေးကလေးက လူတွေပြောတာကတော့ အဲဒီနေ့လောက် ကြည့်ကောင်းသည့်ပွဲ မကြုံဖူးဘူးဆိုပဲ။

ပါးစပ်နှင့် နင်တလုံး ငါတလုံး အော်ဟစ်၊ အရုတ္တ အနတ္တတွေ ပြစ်ပြစ်နှစ်နှစ် ပြောအပြီးမှာ လူချင်းဝင်ပူးပြီး နပမ်းလုံးကြသည်။ ဖြန်ဖြေသူမရှိ၊ ဝင်ဆွဲသူမရှိ။ မထားကြည်က ထွားထွား ကြိုင်းကြိုင်း၊ ထားမိက သေးသေးညှက်ညှက် ဆိုတော့ သတ္တိချင်းတူတာတောင် အင်အားချင်း မတူ။ နောက်ဆုံးမှာ ထားမိ အရှုံးပေးလိုက်သည်။ ဒီလိုနှင့် အဲဒီနေရာကို ထားကြည် အပိုင်စား ရသွားတော့၏။ သူ့နေရာကို ဘယ်သူမှ တလက်မတောင် မကျော်ရဲကြ။ ထားကြည်ဆိုလန့်ပါ့ ဆိုတာတွေ ဖြစ်ကုန်သည်။

* * * *

ဆိုင်သေးသေးလေးနှင့် ကုန် အနည်းငယ်သာ ရောင်းနေရပေမယ့် သူက ဒီဈေးလေးရဲ့ ကုန်စိမ်း ဒိုင်လေ။ ငွေအများကြီး မတတ်နိုင်သူတွေ အရင်းမရှိသူတွေကို သူက ကုန်ချပေး သည်။ ရောင်းပြီး မှပေး။ နေ့ပြန်တိုးလည်း ချေးသည်။ သူ့ကိုပေးရမယ့်သူက ပေးရမည့် အတိုင်းအတာကို ပေးရမည့် အချိန်မှာ မပေးလို့ကတော့ ရပ်ကွက်ပျက်ပြီသာ မှတ်တော့။

ဒါတွေကြောင့်လည်း ထားကြည်ဆို ဒီဈေးထဲက လူအများက မဆက်ဆံချင်လို့လည်းမရ၊ ဆက်ဆံပြန်တော့လည်း လန့်နေကြရသည်။

* * * *

အိသက်နိုင်ကို မွေးပြီး တပတ်လောက်ပဲ ရှိသေးသည်။ မထားကြည်နှင့် ကိုသိန်းနိုင်တို့ အကြီး အကျယ်ရန်ဖြစ်ကာ ကိုသိန်းနိုင်အိမ်ပေါ်က ဆင်းသွားသည်။ အဲဒီမှာ မထားကြည်က ရက်သမီး လေးသာရှိသေးသော ကလေးကို အမှိုက်ပုံနားမှာ သွားပစ်ထားလိုက်သည်။ အဲဒီလို မထားကြည် ....။

ကိုသိန်းနိုင်၏ အဖေ အိသက်နိုင်၏ အဖိုးက ဒီသတင်းကို ကြားတော့ အတင်းမရမက မေးမြန်းပြီး ကလေးရှာပုံတော် ဖွင့်ရသည်။ မင်္ဂလာဒုံ အမှိုက်ပုံဆိုလို့ မင်္ဂလာဒုံက ရှိရှိသမျှ အမှိုက်ပုံတွေကို လိုက်ရှာတော့ တနေရာမှာ သွားတွေ့သည်။ ကလေးကို ဗိုလ်မှူးတယောက်က မွေးစားတော့ မည်ဆိုသောကြောင့် တောင်းတောင်းပန်ပန်ဖြင့် ပြန်ခေါ်ခဲ့ရ၏။

အဲဒီကတည်းက အိသက်နိုင် အမေဆီပြန်မရောက်တော့။ ကိုသိန်းနိုင်နှင့် မထားကြည် ပြန် အဆင်ပြေပြီး အငယ် ၂ ကောင်မွေးသည်အထိ အိသက်နိုင် အဘိုးမှ အဘိုး။ အဘိုးလက်ပေါ် တွင် ကြီးကာ အဘိုးရဲ့ ပုဆိုးစကိုဆွဲလို့ အဘိုးသွားရာနောက် တကောက်ကောက် ပါခဲ့သည်။

အိသက်နိုင် ကျောင်းနေတော့ အဘိုးလည်း အသက်ကြီးလှပြီ။ အဘိုး၏ သားသမီးများ ဖြစ်ကြသော ကိုသိန်းနိုင်၏ ညီအစ်ကို မောင်နှမများက အဘိုးပင်ပန်းလှသည် ဆိုကာ အိသက်နိုင်ကို သူ့မိဘများဆီ ပြန်ပို့သည်။

ခုနစ်နှစ်အရွယ် ကလေးငယ်လေးက ဒဂုံတောင်မှ သင်္ဃန်းကျွန်း အဘိုးအိမ်ကို ရောက်အောင် ပြန်ပြေးလာသည်။ အဲဒီကတည်းက ဒီမြေးနှင့် ဒီအဘိုးကို ခွဲမရမှန်း အားလုံး သဘောပေါက် လိုက်ကြသည်။

* * *

ကိုသိန်းနိုင်အကြောင်းကလည်း မပြောလို့ မဖြစ်။ မထားကြည် ပါးစပ်ဆိုးသလောက်၊ စရိုက် ကြမ်းသလောက် ကိုသိန်းနိုင်က အံ့သြစရာ ကောင်းလောက်အောင် သိမ်မွေ့နူးညံ့လှ၏။ သူတို့ ၂ ယောက် ဘယ်လိုညားသလဲ ဆိုတော့ ဖူးစာလို့ပဲ ပြောရမည်ထင်သည်။ ကိုသိန်းနိုင် ကံကောင်းသည်။ မယားဖြစ်သူက အလွန်ချစ်သည်။ မျက်နှာ နုနုဖတ်ဖတ်ကလေးနှင့်၊ အိမ်ကများ ထွက်သွားပြီဆိုလျင် လူပျိုလေးလား ထင်ရအောင် သန့်ပြန့်လို့ နေသည်။

ဘာအလုပ်မှ လုပ်စရာမလို။ မလိုလောက်အောင်လည်း မထားကြည်က စီးပွားအရှာကောင်းသည်လေ။ မထားကြည်ကတော့ ဒီလို ယောက်ျားချောချောရထားတာကို ဂုဏ်ယူလို့မဆုံး။ သဝန်တိုလိုက်ရတာကလည်း အမော။ အရိပ်ကြည့်လို့ မဝ။ မိန်းမကိစ္စကလွဲလျင် ကိုသိန်းနိုင် ဘာလုပ်လုပ် ခွင့်လွှတ်သည်။

ကိုသိန်းနိုင်ကလည်း တော်ပါသည်။ မိန်းမကိစ္စရှင်းသည်။ ဆေးလိပ်၊ အရက် လုံးဝမသောက်။ တခုပဲ သူ့ဝါသနာက လောင်းကစား။ ဒါလည်း ဖဲရိုက်တာမျိုးမဟုတ်။ လက်ဘက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးမည်။ အတိတ်ပေးသူများနောက် လိုက်မည်။ ပြီးတော့ သူ့ဝါသနာ ဤမျှသာ။ ပိုက်ဆံကုန်တော့ မယားဆီက တောင်းမည်ပေါ့။

ဒီလိုနှင့် သူတို့ လင်မယား တနေ့တနေ့ အဆင်ချောလို့။

* * * *

အဘိုးဆုံးပြီဆိုတော့ အိသက်နိုင်အတွက် ကမ္ဘာပျက်ပြီ။ သူ့မှာ အားကိုရာမဲ့ပြီပေါ့။ သူ့ကို စောင့်ရှောက်သူ၊ ကာကွယ်သူ အဘိုးမရှိတော့ပြီ။ အဘိုးရှိစဉ်က အိသက်နိုင် ဘာလုပ်လုပ် တင့်တယ်သည်။ အိသက်နိုင်ကို ဘယ်သူကမှ မဆူရဲ၊ မရိုက်ရဲ။ ရှေ့မှာ အဘိုးရှိနေသည်လေ။ ခုတော့ အိသက်နိုင် မျက်နှာငယ်လှသည်။

သူ့မှာ နေစရာ နေရာမရှိ။ ဦးလေး၊ အဒေါ် လူပျို အပျိုများကလည်း သူ့ကို ဆက်လက်မခံလို ကြတော့။ ဒီတော့ သူ့အမေအိမ်ပြန်ရုံပေါ့။ ကိုသိန်းနိုင်ကတော့ အပူအပင် ကင်းသူပီပီ ဘာမှ မပြော။ အိသက်နိုင်ပြန်လာမယ် ဆိုလည်းလာပေါ့။

မထားကြည်ကတော့ အိသက်နိုင်ကို ကြည့်မရ။ အိသက်နိုင်ကို ပျော့သည်ဟု အမြဲကြိမ်းသည်။

“အငယ်မ အိပုတ်ကမှ ငါ့သမီး။ ငါနဲ့ တပုံစံတည်းပဲ။ သွက်မှသွက်။ လည်လိုက်တာလည်း မွှတ် နေတာ။ အိသက်နိုင်က ငတုံးမ။ သူများလုပ်သမျှ ခံခဲ့မယ့်ကောင်မ”

အဲဒီလို အမြဲပြောတတ်သည်။ အိသက်နိုင်ကလည်း သူ့အမေကို ကြည့်မရပါ။ အဘိုးနှင့် အဖေ ဘက်မှ ဦးလေး၊ အဒေါ်များနှင့် ကြီးပြင်းခဲ့ရသောကြောင့် အိသက်နိုင်က နူးညံ့သည်။ သိမ်မွေ့ သည်။ သူ့အမေပြောသည့် စကားများက သူ့အတွက် ထူးဆန်းနေသည်။ မထားကြည်တို့က တယောက်နှင့် တယောက် လှမ်းနှုတ်ဆက်တာတောင် အဆဲလေးနှင့်။ အိသက်နိုင် နားရှက် လှသည်။ အငယ်နှစ်ကောင်ကလည်း ဆဲလိုက်သည်မှာ မိုးကို မွှန်လို့။ အဲဒါကို အမေလုပ်သူက ဘာမှ မပြော။ သဘောကျနေသည်။ အငယ် နှစ်ကောင်များ ကစားရာက သူများကိုနိုင်လာ သည် ဆိုလျင် သူများမိဘနှင့် ဆီးရန်ဖြစ်ပြီး သူ့သားနှင့် သမီးတို့အတွက် ဂုဏ်ယူနေတတ်သည်။ သူ့အမေကို သူနားမလည်။

အဘိုးကိုလွမ်းသည်။ အဘိုးကိုတော့ အမေကကြောက်၏။ အဘိုးက မထားကြည်ထက် ၂ ဆ ကြမ်းပြ၊ ရမ်းပြ၊ ဆဲပြနိုင်သည်လေ။ အဘိုးရှိစဉ်က မထားကြည် အိသက်နိုင်ကို လက်ဖျားနှင့် တောင် တို့ခွင့်မရ။ အခုတော့ သူ အရိုက်မခံရသည့် နေ့မရှိ။ အဖေ့ရှေ့မှာတော့ သိပ် မရိုက်ပါ။ ဒါပေမယ့် အဖေကလည်း အိမ်မှာတနေကုန် မရှိပါ။ မနက်မိုးလင်းတာနှင့် အမေ့ဆီက ပိုက်ဆံ တောင်းပြီး ထွက်သွားလိုက်တာ ညဘက် အိသက်နိုင်တို့ အိပ်မောကျနေချိန်မှ ပြန်လာတတ်သည်။ တခါတလေတော့ နေ့ခင်းဘက် ပြန်လာပါသည်။ အဲဒီနေ့မျိုးဆို မထားကြည်တို့ ပျော်လို့ မဆုံး တပြုံးပြုံးပေါ့။ ဒါပေမယ့် အဲဒီလို နေ့မျိုးက ကိုသိန်းနိုင် ပိုက်ဆံ အရေးတကြီး လိုသော နေ့။

“ထားကြည် ငါ့ ပိုက်ဆံ ၂ သောင်းလောက် ပေးစမ်း”
“ဘာလို့ ပေးရမှာလဲ။ နင့်မယားငယ် သွားပေးမလို့လား”
“အပိုတွေ ပြောမနေနဲ့ဟာ။ ပေးမှာလား မပေးဘူးလား”
“မပေးဘူး ဆိုရင်ကော”
“ရတယ်လေ”

အဲဒီလိုပြောပြီး ကိုသိန်းနိုင်က အပြင်ပြန်ထွက်ဖို့ ပြင်လျင် မထားကြည် မနေတတ်တော့။

“ဘယ်သွားမလို့လဲ။ ရော့ ရော့။ ဒီမှာ လာယူ။ တကတည်း ပိုက်ဆံလိုချင်တဲ့သူကပဲ စိတ် ဆိုးရသေးတယ်” ဆိုပြီး မထားကြည် ပိုက်ဆံထုတ်ပေးရပြီ။

“ဟဲ့ နောက်ဖေးမှာ ကြက်သားပြုတ်ကြော်ရှိတယ်။ ထမင်းစားသွားဦး”

အဲဒီလိုနဲ့ မထားကြည်က ကိုသိန်းနိုင်ကို ချော့ရသည်။ ဒါမျိုးက သူတို့အိမ်မှာ မကြာခဏဖြစ် နေကျ။ အိသက်နိုင်ကတော့ အဲဒီလို အခါမျိုးမှာ အမေ့ကို သနားသလို ဖြစ်မိသည်။ ဒါပေမယ့် အမေ့ရဲ့ ချိုသာမှုများက အဖေအပြင်ပြန်ထွက်သွားသည်နှင့် ကြက်ပျောက် ငှက်ပျောက်။ အဖေကလည်း အမေ့စရိုက်ကို စိတ်ပျက်နေပုံရ၏။ ဒါကြောင့်လည်း တနေကုန် သူ လုပ်ချင်ရာ လုပ်ပြီး လျှောက်သွားနေတာလို့ ထင်သည်။ အိမ်မှာကလည်း နေချင်စရာမှ မရှိဘဲလေ။

မထားကြည်တို့ မောင်နှမ အားလုံးက ဈေးသည်တွေ။ ငါးရောင်းသူက ရောင်း။ ပန်းရောင်း သူက ရောင်း။ ရာသီပေါ် သီးနှံရောင်းသူက ရောင်းသည်။ အားလုံး၏ စရိုက်က တပုံစံတည်း။ မထားကြည်တို့ အိမ်က ဈေးနားမှာ ဆိုတော့ မနက်ဈေးထွက်ပြီး ညနေခင်း ဈေးပြန်မထွက် ခင်မှာ သူတို့ အားလုံး မထားကြည်တို့ အိမ်မှာ လာနားကြသည်။ ကြွက်ကြွက်ညံနေသော စကားသံများကြားမှာ အဆဲလေးများက ကြိုကြားကြိုကြား သာယာနေတတ်၏။

အဲဒီလို နေရာမျိုးမှာ ကိုသိန်းနိုင် မပြောနှင့် အိသက်နိုင်တို့လို ကလေးပင် မနေချင်။ စကားတွေ ဖောင်ပြီးရင်တော့ အိပ်ကြပြီ။ မနက်အစောကြီး ထထားရတာ ဆိုတော့ အားလုံး ကုလားသေ ကုလားမော၊ ပိုးလိုး ပက်လက်၊ ဟိုတယောက် သည်တယောက်။ သူစိမ်းတယောက်များ ဝင်လာလျင် အမှန်ပင်စိတ်ပျက်စရာ။

အမေ ကိုယ်ဝန်ရှိပြီဆိုတော့ အိသက်နိုင် ပျော်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အမေ ကိုယ်ဝန် ရှိလို့ ပျော်ခြင်း မဟုတ်ပါ။ အမေ့ဗိုက်ထဲက ကလေးကို အဘိုးဝင်စားတာဟု ပြောကြ သောကြောင့် သူပျော်သည်။

“သေချာတယ်။ ဒါ ဦးဝင်းကြည်ပဲ။ ဦးဝင်းကြည်က သူ့မြေးကို သိပ်ချစ်တာ။ ဘယ်မှသွားမှာ မဟုတ်ဘူး။ သူ့မြေးဆီပဲ လာမှာ”

အဲဒီလို ထင်ကြေးတွေ ပေးကြတော့ အိသက်နိုင်တယောက် စိတ်ညစ်တာတွေ ခဏမေ့လျော့ သွားသည်။ ညတိုင်းလည်း ဆုတောင်းလိုက်ရတာ အမော။ အမေ့ဗိုက်ထဲက ကလေးလေးဟာ တကယ်ပဲ အဘိုးဖြစ်ပါစေလို့ ဆုတောင်းသည်။ အဲဒီတော့မှ အမေ့ကို နိုင်တဲ့သူပေါ်လာမှာ လေ။

အဘိုးက အိသက်နိုင်ကို ဘယ်သူ့အထိမှ ခံတာမဟုတ်ဘူး မဟုတ်လား။ အိသက်နိုင် ကိုယ့် အတွေးနဲ့ကိုယ် ပျော်လွန်းလို့ အလုပ်လုပ်ရတာကို ပင်ပမ်းသည် မထင်တော့။ အမေ့ ကိုယ်ဝန် ရင့်လာလေ အိသက်နိုင်ပင်ပမ်းလေ ဖြစ်သည်။ ခါတိုင်းဆို အမေက မနက်ဈေးကော ညနေဈေးပါ ထွက်သည်။ ခုတော့ အမေက မနက်ဈေးပဲ ထွက်နိုင်တော့သည်။ ညနေဈေးကို အိသက်နိုင် တယောက်တည်း ထွက်ရသည်။ ဈေးရောင်းရာက ပြန်လာလို့ ဝင်ငွေ စံချိန် မမီ လို့ကတော့ သေဖို့သာ ပြင် ဆိုတာမျိုး။

တကယ်တော့ အိသက်နိုင် ဈေးရောင်းရတာ ပျော်စ ပြုနေပြီ။ ကုန်စိမ်းက အမြတ်များသည်။ မထားကြည် တနေ့ ဈေးမထွက်ရ မနေနိုင်တာလည်း မဆန်းလှ။ အိပုတ်လေး မွေးတုန်းကများ မွေးပြီး တပတ် ဆယ်ရက်နှင့် ကလေးဈေးဗန်းထဲချသိပ်၊ ဈေးရောင်းထွက်ခဲ့တာ။ ဒါကြောင့် သူက အခု အိသက်နိုင်ကို အသေအကြေ မောင်းနေခြင်းဖြစ်သည်။

ဒါမှ သူမွေးဖွားနေချိန်မှာ အရှိန်မပျက် ဆိုင်ထွက်နိုင်မှာ မဟုတ်လား။ ဒီကြားထဲ နေ့ပြန်တိုးကိစ္စတွေ၊ ကုန်ချ ငွေယူ ကိစ္စတွေကိုလည်း သင်ရသည်။ ဒညင်းသီး၊ သရက်သီး၊ ဒူးရင်းသီးများကို ကြည့်တတ်အောင် သင်ပေးရသည်။ အိသက်နိုင်တောင် အတော် ကျွမ်းကျင် နေပြီ။

“အဘွားရေ ... ဂေါ်ဖီထုပ်တွေ တထုပ်မှ ခုနစ်ဆယ်ပဲ ပေး။ ယူသွားပါ အဘွားရဲ့။ သမီးက အဘွားမို့လို့ ပေးတာနော်”

“ခရမ်းချဉ်သီးလား။ သုံးဆယ်သား တရာနဲ့ ယူသွားတော့။ ရော့ အစ်မ၊ ငရုပ်သီးစိမ်းပါ အဆစ် ထည့်ပေးလိုက်မယ်။ မနက်ခင်းဆို မရဘူး အစ်မရဲ့”

အဲဒီလိုတွေပြောတတ်၊ ရောင်းတတ်နေပြီ။ ရုပ်ကလေး သနားကမားနဲ့ ကလေးသာသာ အရွယ် ကလေးမို့ ချစ်ပြီး၊ သနားပြီး ဝယ်သွားကြတာ များသည်။ အလုပ်က သင်သည်ပဲ ပြောပြော ရောင်းအား ကောင်းလာတော့ အိသက်နိုင် ဈေးမှာ ပျော်တတ်လာပြီ ဖြစ်၏။

မထားကြည် ဗိုက်နာတော့ နာနေသည့်ကြားက သူ့သမီးကိုမှာသည်။
“အိသက်နိုင်။ ငါ့လာမကြည့်နဲ့ သိလား။ ဈေးရောင်းမပျက်စေနဲ့နော်။ အား ... အောင်မယ်လေး .. ဟဲ့ ဟိုကောင်မတွေဆီလည်း ကျွတ် ကျွတ် ကြွေးမှန်မှန် သွားတောင်းဦး။ အား ... နာလိုက်တာ။ ကျွတ်ကျွတ်”

အဲဒီလိုနဲ့ ဆေးရုံသာ ထွက်သွားသည်။ ကိုသိန်းနိုင်က အနားမှာမရှိ။ နောက်မှ ကုလားကို လိုက်ရှာခိုင်းပြီး လိုက်သွားခိုင်းရ၏။

မထားကြည် အသက်က လေးဆယ် သီသီ စွန်းနေပြီဆိုတော့ ရိုးရိုးမွေးဖို့ အားမပြည့်။ ဗိုက်ခွဲ မွေးလိုက်ရသည်။ အမေက မလာပါနဲ့ ပြောထားသော်လည်း အိသက်နိုင် မနေနိုင်။ နေ့လည် အားတဲ့ အချိန် တရေးမအိပ်ဘဲ အမေ့ဆီသွားသည်။ အမေက သူတို့အတွက် ညီမလေး တယောက် မွေးပေးထားသည်။

“ရော့ ... အမေ ဒါက နေ့ပြန်တိုးတွေကောက်ထားတာ။ ဒါက ကုန်စိမ်းကြွေးတွေ။ ဒေါ်တရုတ်မ ကတော့ မနက်ဖြန်မှ ယူပါတဲ့။ ကျန်တာတော့ အကုန်ရခဲ့တယ်။ သမီး မနေ့ညနေက ရောင်းထားတာလည်း သုံးထောင်ရတယ်”
“အေး အေး”

မထားကြည် ဒီလောက်ပဲ ပြန်ပြောနိုင်သည်။ အားက သိပ်မရှိချင်သေး။ အိသက်နိုင် သူ့အမေ ကို ကြည့်ပြီး စိတ်မကောင်း။ ခါတိုင်း ဒေါ်တရုတ်မက မပေးလိုက်ဘူးဆိုတာနှင့် ဒေါက်ကနဲ သူ့ခေါင်းကို ခေါက်ပြီးသား။

မထားကြည် အိသက်နိုင်ကို ကြည့်ပြီး ဝမ်းနည်းလာသည်။ ဒီသမီးအပေါ် သူ အတော် ဆိုးမိခဲ့သည်လေ။ ခုတော့ ဒီသမီးကိုပဲ အားကိုးနေရပြီ။ ကိုသိန်းနိုင်ကတော့ အနားမှာမရှိ။ အိသက် နိုင်၏ လက်ကလေးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အိသက်နိုင် သူ့အမေကို တအံ့ တသြ ကြည့်မိ၏။ ကြည့်စမ်း သူ့အမေရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ...။

သူ့ညီမလေးဟာ အဘိုး ဟုတ်သလား၊ မဟုတ်ဘူးလား သူ မဆုံးဖြတ်တတ်ပါ။ ပြောဖို့ သိပ် ငယ်သေးသည်ထင်သည်။ လောလောဆယ်တော့ အိသက်နိုင် သူ့အမေကို သနားသည်။ သူ့ ခမျာ ကလေးမွေးထားလို့ အားငယ်နေချိန် အနားမှာ ဘယ်သူမှ မရှိ။ သူလည်း နေမပေးနိုင်။ ညနေ ဈေးထွက်ရဦးမည်။

အမေ့ပေါ်မှာ အနိုင်ယူချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ။ ဒီညီမလေးဟာ အဘိုး ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့အတွက် သိပ် အရေးမကြီးတော့။ သူ ဈေးရောင်းကောင်းမှ ဖြစ်မည်။

* * *

ဒီတခါတော့ မထားကြည် သိပ်မပေတော့။ အိမ်ထဲမှာ ၄၅ ရက် ပြည့်အောင်နေသည်။ သူ အိမ်ထဲနေစဉ်အတွင်း အိသက်နိုင်က အကွက်စေ့စွာ လှုပ်ရှားထားသည်။ စိတ်အေးလက်အေး နားမည်ဆိုက နားနိုင်သော်လည်း ဈေးထွက်ချင်သည့် အာသီသကြောင့် ၄၅ ရက် ပြည့်တာနှင့် ကလေးပိုက်ပြီး အိသက်နိုင်ရှိရာ ဆိုင်သို့ ထွက်ခဲ့သည်။ ဆိုင်ရှိရာ လမ်းကလေးကို မချိုးကွေ့မီ ထိပ်မှာပင် ဆူညံသံများကို ကြားလိုက်ရသည်။

“လူပါးမဝနဲ့ ကောင်မ။ ဘာမှတ်လဲ။ ပါးကျိုးသွားမယ်။ ဒီမှာ ကလေးဆိုပြီး အနိုင်ကျင့်မယ် မကြံနဲ့။ ကျုပ် ထားကြည်ရဲ့ သမီးတော့ သိရဲ့လား။ ဘယ်သူ့မှကို မကြောက်လို့ တယောက်တည်း ဈေးလာထွက်နေတာ”

“အောင်မယ်လေး ... အောင်မယ်လေး။ လက်တောင့်လောက်လေးက ကြည့်စမ်း။ လာ နင်နဲ့ငါ ချမလား။ နင့်အမေမပြောနဲ့ နင်တို့ တဆွေလုံး တမျိုးလုံး မကြောက်ဘူးဟေ့ သိပြီလား”

အော်ဟစ်ရန်ဖြစ်ရာ နေရာသို့ မထားကြည် စွေ့ကနဲ ရောက်သွားသည်။ ပြီးတော့ အိသက်နိုင်နဲ့ ရန်ဖြစ်နေသော ပဲပင်ပေါက်သည်မဘက်ကို လှည့်ကာ အားနေသော လက်ဖြင့် ပါးကို ဖျောင်း ကနဲ ဆော်ထည့်လိုက်သည်။ ပဲပင်ပေါက်သည်က အံ့သြတကြီးဖြင့် ...

“ဟင် ... အစ်မ ... မထားကြည်”
“အေး ... ငါပဲ ... ဒီမှာ ငါ့သမီးကို ဗိုလ်ကျမယ် မကြံနဲ့။ အဲဒါ အမြည်းပဲ ရှိသေးတယ် မှတ်ထား”
“မဟုတ်ရပါဘူး အစ်မရယ်။ ကျမက ဗိုလ်ကျတာ မဟုတ်ပါဘူး။ သူက ဗိုလ်ကျတာပါ။ ကျမနေ ရာကို တတောင်လောက် ခိုးထားတာ မတွေ့ဘူးလား”
“အောင်မာ။ ငါ့သမီးကိုများ နင်က သူခိုး ယိုးချင်သေးတယ် ဟုတ်လား။ ကောင်မတွေ ငါမရှိတုန်း @*^#!+”

တရစပ် ထွက်ပေါ်လာသော မထားကြည်၏ ပါးစပ် ကျည်ဆံများကြောင့် ပဲပင်ပေါက်သည် ငြိမ်ကုတ်သွားသည်။ မထားကြည်က ကလေးကို ပြင်ချီပြီး အိသက်နိုင်ဘေးတွင် စွေ့ကနဲ ဝင် ထိုင်လိုက်သည်။ မျက်နှာကို ချီပြီး ကလေးနို့ထိုင်တိုက်ကာ သူ့သမီးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေ၏။

“ဒါမှ ငါ့သမီး” လို့လည်း ပါးစပ်က ပြောလိုက်သေးသည်။ အဲဒီအချိန်မှာ အိသက်နိုင်က ပဲပင် ပေါက်သည်ဘက်ကို မျက်စောင်းတချက် လှည့်ထိုးကာ လည်ပင်းလေးကို ဆန့်ထုတ်ပြီး အော်လိုက်သည်။

“ဂေါ်ဖီထုပ်တွေ၊ ခရမ်းချဉ်သီးတွေ လတ်တယ်နော်၊ လတ်တယ်။ ပုပ်နေတဲ့ ပဲပင်ပေါက်တွေကို အကောင်းဆိုပြီး ညာရောင်းနေတာ မဟုတ်ဘူး”

ပြီးတော့ မတိုင်ပင်ဘဲ သူတို့ သားအမိ ၂ ယောက် တယောက်မျက်နှာ တယောက်ကြည့်ကာ အားရ ပါးရ အော်ရယ်လိုက်ကြသည်။ အဲဒီနေ့က မထားကြည် သူ့သမီးကြီးကို အရိုက်အရာ လွှဲပြောင်း ပေးအပ်တဲ့နေ့။ အိသက်နိုင် သူ့အဘိုးကို မေ့လျော့နေမိသော နေ့လည်း ဖြစ်သည်။

tag4

tag ဂိမ်းလေးတွေမှာ ဝင်ပါရတာ ပျော်တော့ပျော်ဖို့ကောင်းသား။ တနေ့က စီပုံးကိုကြည့်လိုက်တဲ့ အချိန်မှာ ကုအောင်သာငယရဲ့ တက်ထားတယ်နော်ဆိုတဲ့ စာတိုလေးတွေ့လိုက်ရတယ်။ ဘာများတက်ပါလိမ့် ဆိုပြီး သွားကြည့်မိတော့ လားလား “အချစ်ဆိုသည်မှာ” ဆိုပါကလား။ သူရေးထားလိုက်တာ ကျမ ဘာမှရေးစရာ မကျန်အောင်ဘဲ (အဲလိုဦးအောင်ပြောထားမှ။ မရေးနိုင်ဘူးလို့တော့ ဝန်မခံဘူးကွ:P)။ သူတက်ထားတဲ့ သူထဲက တချို့ကလည်း ရေးပြီးပြီ။ တချို့များ ရေးထားလိုက်တာ ကြောက်ခမန်းလိလိ။ ဆိုတော့ကာ ကျမလည်း ရေးမှတော်တော့မယ်လို့ စဉ်းစားကြည့်လိုက်တော့ အဲသဟာ ကြီးက လွယ်သလောက် တော်တော်ခက်ပြီး ရှင်းသလောက် တော်တော့ကို ရှုပ်ထွေးတဲ့ကိစ္စဖြစ်နေပါတယ်။ ဆိုတော့ အတက်နိုင်ဆုံး သူများတွေဆီက ခိုးချပြီး ရေးကြည့်လိုက်တယ် (အမယ် ခိုးချတယ်ဆိုတာ လွယ်တယ်မထင်နဲ့ နော် ဘယ်ကခိုးချရမယ်ဆိုတာ သေချာသိမှ ခိုးချတတ်တယ်မှတ်ပါ :P)။ ကဲ အစ်ကိုကြီး ရေ ... ရေးပြီဗျို့ .. နောက်မှ tag မိတာ မှားပါပြီ မပြောကြေး ...။

အချစ်ဆိုသည်မှာ

အိမ်ရှာတွေ့ခြင်းတဲ့ ပြီးတော့ မနက်တိုင်း သူဖျော်ပေးတဲ့ နို့များများနဲ့ ကော်ဖီတခွက်ကို သောက်ချင်နေတာ
အချစ်ပါ။

ဝမှာစိုးလို့ အဆီအဆိမ့်တွေကို လျှော့စားနေပေမယ့် သူလုပ်ကျွေးတဲ့ စီနမင်ရိုးလ်ကို တနေ့တလုံး စားချင် နေတာမျိုးကိုလည်း အချစ်လို့ ဆိုနိုင်ရဲ့။

ကိုယ်ကြိုက်တဲ့ ဂျော်ဒါးနိုး တံဆိပ်အင်္ကျီကို သူက အမြဲဝတ်ချင်နေတာလည်း အချစ်တဲ့။

အသက်၇၅ နှစ်အရွယ် ဖွားဖွားကို အသက် ၈၀ အရွယ်ဖိုးဖိုးက လက်ထပ်ခွင့်တောင်းတာလည်း အချစ်ပဲ။ အချစ်မှာ အသက်အရွယ် အပိုင်းအခြား မရှိ။

ကီးမြင့်မြင့် သီချင်းတပုဒ်ကို အတူတူ ဆိုဖို့ကြိုးစားကြတာလည်း အချစ်ပါ။

အချိန်ပြည့် အသက်ရှူလို့ မဝတာလည်း အချစ်လို့ ဆိုရဲ့။ ပြီးတော့ ကိုယ်သိပ်ကြိုက်တဲ့အဖိုးရဲ့အမွေ သံလိုက်အိမ်မြှောင်ကိုတောင် (ရဲရဲဝံ့ဝံ့) လက်ဆောင်ပေးလိုက်တာဟာလည်း အချစ်ပါပဲကွယ် ...။

အကောင်းဆုံးတွေကိုပဲ ပေးချင်နေပြီး အမြင့်ဆုံးထိ တွန်းတင်ပေးချင်တာ၊ ပြီးတော့ဟက်ဟက်ပက်ပက် ရယ်မောပြီး မကြာဘူး ပက်ပက်စက်စက် ငိုကျွေး ထိခိုက်ရတာ ... အချစ်ပေါ့။

အချစ်ဆိုတာ သစ်သီးတလုံးဆိုရင် ပင်လယ်သီးဖြစ်မယ်။

သနပ်ခါးနဲ့ ရောလိမ်းဖို့ ကံ့ကော်ဝတ်ဆံလေးတွေကို ခြွေပေးတာလည်း .....။

အချစ်ကကြံတချောင်းနဲ့လည်း တူသေးရဲ့။ ချိုမြိန်တဲ့အရည်တွေ စစ်ထုတ်ယူထားပြီး အသုံးမကျတဲ့ ကြိတ်ဖတ်တွေကို အမှိုက်တောင်းထဲ ထည့်လိုက်ပါ။ (ဂျစ်ကတော့ ဘယ်တော့မှမကုန်မယ့် ကြံ အရှည်ကြီးတချောင်း လိုချင်သတဲ့)

တချို့အတွက်ကတော့ အချစ်ဆိုတာ ကြောင်တကောင်ကို လည်ပင်းညှစ်တာတဲ့(မယုံမရှိနဲ့ သိချင်ရင် တူးတူးသာ ရေးတဲ့ မဆလာနံ့သင်းသောညများ ဝတ္ထုတို - ၅ ပို့စ်ကို ဖတ်ကြည့် :P)

ကဲကိုအောင်သာငယ်ရေ ကိုယ်ပိုင် ခံစားချက်နဲ့ သူများတွေဆီက ခိုးချတာတွေ ပေါင်းလိုက်တာ တပုဒ်တော့ ရပြီ။ ဆက် tag မယ်ဗျို့။ မျက်ခုံးလှုပ်ဖို့သာပြင်ထားကြ။ ငါဟာ ငါမဟုတ်ဘူး ဆိုတဲ့ တူကြီး ထူးမြတ်၊ ပန်းဂေါ်ဖီ ကြိုက်တဲ့ မောင်လေး ဂျူလိုင်အိပ်မက်၊ ယောက်ျားနာမည်နဲ့ ညီမလေး နန်းညီ၊ တခါမှ မငြိမ်ဘူးဆိုတဲ့ မောင်လေး ဟန်သစ်ငြိမ် ၊ နိုင်ငံကျော်အယ်ဒီတာကြီးတယောက်ရဲ့နာမယ်နဲ့တူတဲ့ မောင်လူအေး တို့ရေ အကြွေးလို့ မမှတ်ဘူး အားရင်ရေးလိုက်ကြပေတော့။ တို့ကတော့ လွတ်ပြီ ကျွတ်ပြီ :D









tag 3

ကင်မရာကြီးနဲ့ အစ်မ ခင်မင်းဇော်က အတင်း tag တော့ ရေးရတော့မပေါ့လေ။ tag တာကြီးကလည်း မသေခင် ဆယ်ရက် အလိုတဲ့။ ရေးချင်ဘူး ...:( ဒါပေမယ့် အစ်မက tag တာမှ ၂ ယောက်ထဲရယ်။ ညီမလေး မဆုမွန်က ရေးပြီးသွားပြီဆိုတော့ ကျမက ဟိုပုန်း ဒီရှောင်လုပ်လို့ မကောင်းပေဘူး။ ရေးရတော့မှာပေါ့လေ။ ကဲ လာလေရော့ လဟယ်။

*
မသေခင် ဆယ်ရက်အလို
*
ကျမ တကယ် နောက်ဆယ်ရက်မှာ သေမယ်ဆိုတာ သေချာပြီဆိုရင် .... အရင်ဆုံး ကျမသူငယ်ချင်းတွေဆီ အီးမေးလ် ပို့ပါမယ်။ တယောက်ချင်းစီကို သီးသန့် သူတို့ရဲ့ စရိုက်တွေကအစ အသေးစိတ် ကျမ ဘယ်လောက် မှတ်မိတယ်၊ သတိထားခဲ့တယ်၊ ကျမ သူတို့ကို ဘယ်လောက် ချစ်ခင်တယ် ဆိုတာ ပြောပြမယ်။ ကျမမှာ သူငယ်ချင်း ကြီးကြီး ငယ်ငယ်တွေက အများကြီးဆိုတော့ ၈ ရက်နဲ့ လောက်ပါ့မလား မသိဘူး (တော်တော့်ကို များတာနော်။ မယုံမရှိနဲ့)။ အဲဒီသူငယ်ချင်းတွေကို ကျမကတိပေးခဲ့ပြီး မလုပ်ပေးနိုင်ခဲ့တာတွေ၊ ကျမက အထင်လွဲ ခဲ့မိတာတွေ တောင်းပန်မယ်။ ကျမကို အထင်လွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း အတတ်နိုင်ဆုံး ရှင်းပြမယ်။
*
၉ ရက်မြောက်နေ့ကျရင်တော့ ကျမရဲ့ တိုင်းပြည်နဲ့၊ ကျမရဲ့ အမေ့အတွက် စာ ၂ စောင် သေချာရေးပါမယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ သူ့မှာတမ်း ကဗျာထဲက ခိုးချတယ်ပဲဆိုဆို တိုင်းပြည်နဲ့ အမေ့အတွက် ဘာမှ မလုပ်ပေး နိုင်ခဲ့လို့ အားနာတဲ့အကြောင်း သေသေချာချာရေးမယ်။ အမေ့ကိုတော့ ကျမ ခရီးရှည်ထွက်မှာမို့ တော်တော်ကြာ ကြာ မဆက်သွယ်နိုင်ဘူး ဆိုတဲ့အကြောင်း ပြောပြခဲ့မယ်။
*
နောက်ဆုံးကျန်တဲ့တရက်မှာ ကျမ ခရီးထွက်မယ်။ ဘယ်သူ့ကိုမှ မမှာခဲ့ဘဲ၊ ကျမကို လုံးဝမသိတဲ့ သူတွေ နေတဲ့
အရပ်တခုခုဆီ ... ကျမကို ချစ်တဲ့သူတွေနဲ့ အဝေးဆုံးအရပ်ဆီကို ..။ အဲဒီဒေသက တောင်၊ ဒါမှမဟုတ် ပင်လယ်နဲ့ နီးတဲ့၊ သဘာဝအလှကို သေချာ ခံစားနိုင်တဲ့ နေရာတခုခုပေါ့။ ကျမကိုချစ်တဲ့ သူတွေက ကျမ ခရီး ထွက်သွားတယ်ပဲ သိထားရမယ်။ ကျမကြောင့် သူတို့ဝမ်းနည်း ပူဆွေးတာမျိုး မဖြစ်စေရ။ တနေ့ ကျမပြန်လာ မယ်လို့ထင်ပြီး စောင့်ရင်း ကြာတော့ သူတို့ မေ့သွားကြလိမ့်မယ်။
*
အဲဒီမှာ ကျမ သဘာဝအလှကို နောက်ဆုံးခံစားမယ် ....။ နေထွက်တာ၊ နေဝင်တာ၊ ပိုးကောင်လေးတွေ၊ တောပန်းကလေးတွေ၊ မြက်ပင်လေးတွေ၊ တိမ်တွေ၊ မြူနှင်းတွေ၊ သစ်ပင်တွေ ..... အဲဒီအလှတွေကို အသေးစိတ် ကြည့်မယ်။ ကုယ့်ဘာသာကိုယ် အလုပ်တွေရှုပ်ပြီး သဘာဝအလှကို သေချာမခံစားနိုင်တဲ့ အချိန်က များတယ် မဟုတ်လား။
*
ကျမသေမယ့်နေရာမှာ လူတယောက်တလေ၊ ဒါမှမဟုတ် လူတွေ ရှိနေမယ် ဆိုရင် ကျမကို သူတို့ အသက်သာ ဆုံး နည်းနဲ့ သင်္ဂြိုဟ်ဖို့ ပြောခဲ့မယ်။ လွယ်လွယ်ကူကူနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင်္ဂြိုဟ်လိုက်ပါလို့ ပြောခဲ့မယ်။
*
ကျမက ခရစ်ယာန်ဘာသာဝင်တယောက် ဖြစ်တဲ့အတွက် ကျမကိုယ်ကျမ ဘုရားသခင်ရဲ့လက်ထဲမှာ သေသေ ချာချာအပ်လိုက်မယ်။ ပြီးရင်တော့ သေလို့ရပါပြီ ....။
*
အစ်မရေ ... ရေးဆိုလို့ ရေးတော့ပြီးပြီ။ ၈ ရက်ကို လူလည်လုပ်ပြီး ကျော်ချလိုက်တယ်။ စိတ်မရှိပါနဲ့နော်။ ဒီဟာကို တော့ ဘယ်သူ့ကိုမှဆက်မ tag တော့ဘူးသိလား။ ဒီလောက်ကျော်ချတာတောင် တော်တော်ရေးယူရတာ။

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁

ကျမဘလော့ကလေးကို ပြင်လိုက်ပြီ ..။ တကယ့်ကို ကြည့်မဝအောင်ပါပဲ (ကိုယ့်ဖာသာ ဖြစ်နေတာများ ပြောပါတယ်)။ မောင်လေး တယောက်က ပြင်ပေးတာပါ။ သူက ဘယ်တုန်းထဲက အမြင်မတော် ဖြစ်နေတယ် မသိဘူး။ ကျမကလည်း ဘယ်သူများ လုပ်ပေး ပါ့မလဲလို့ စကားခေါ်ရတာ အမောဆိုတော့ နောက်ဆုံး သူက ဗော်လန်တီယာ လုပ်လိုက်တဲ့အချိန်မှာ မယ်ကျိုင်းတုပ် ဖြစ် သွားပါတယ်။ စစချင်းသူက ဘလော့ ခေါင်းစဉ် အောက်မှာ “ကြိုဆိုပါ၏” လို့ ရေးထားသေးတာ။ ကျမက အဲဒါတော့ မလုပ်ပါနဲ့ဟာ မြို့အဝင် ဆိုင်းဘုတ်နဲ့ တူနေပြီဆိုလို့ ပြန်ပြောင်းပေးရှာတယ်။ ကျမဘလော့ အသစ်ကလေး စဖွင့်တဲ့ အထိမ်းအမှတ်နဲ့ ဘာရေးတင်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလော့ကို ပြင်ပေးတဲ့ မောင်လေးအတွက်လည်း အမှတ်တရ ဖြစ်ရအောင် “ရော့ကာကြီးတယောက်နဲ့ အင်တာဗျူးတုန်းက” အဖြစ်အပျက်ကလေး တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် (သူက လည်း ရော့ကာဆိုတော့ကာ .. :D)။ ပထမ သူ့ဘလော့ မှာ တင်ဖို့ ဒီပို့စ်ကို လက်ဆောင်ပေးတာပါ။ သူက အစ်မပဲတင်လိုက်ပါဆိုတော့ ဒုတိယံမိ မယ်ကျိုင်းတုပ် ဖြစ်သွားပြန်တယ်။ ဒီပို့စ်က ကျမရဲ့ စာနယ်ဇင်းသမားဘဝ ဖြတ်သန်းမှုထဲက ဖြစ်ရပ်တခုမို့ “စာနယ်ဇင်းသမားဘဝ ကမောက်ကမ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်လိုက် ပါမယ်။ ကမောက်ကမ ဆိုတဲ့အတိုင်း ကျမရေးမှာတွေက ရှေ့ရောက်လိုက် နောက်ရောက်လိုက် ဖြစ်ချင် ဖြစ်နေပါမယ်။ တကယ့်အဖြစ်မှန် တွေရေးတဲ့အခါမှာ တချို့ စိတ်ကသိကအောင့် ဖြစ်စရာကလေးတွေ ပြန်ပါလာရင် ကျမကို နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်။ ကျမ ဘယ်သူ့ကိုမှ မုန်းလို့၊ နာစေလိုလို့ ရေးတာ မဟုတ်ပါဘူး။ ကျမရဲ့ စာနယ်ဇင်းသမား ဘဝမှာ ပါဝင်ဖြတ်သန်းခဲ့တဲ့ ဇာတ်ကောင်တွေအဖြစ် အဲဒီလူတွေ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်နေမှာပါ။ ဘလော့ကလေးကို ပြင်ပေးတဲ့ မောင်လေး Fresh up ကိုလည်း အထူး ကျေးဇူးတင်ရှိရင်းနဲ့ နောက်ထပ် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် (အကယ်ဒမီပေးပွဲမှာ ကျေးဇူးတင်စကား ပြောသလို ဖြစ်နေပြီလားမသိ :P)။


သားကောင် နဲ့အတူ ကျောက်တန်းလှေဆိပ်မှာ

ကျောက်တန်းရေလယ်ဘုရားကိုကူးတဲ့ ကူးတို့ဆိပ်ကိုရောက်တော့ အဲဒီနားမှာရှိတဲ့ လက်ဘက်ရည်ဆိုင် မှန်သမျှ ရာစုသစ်အခွေကို ဖွင့်ထားတယ်။

“ဟိုးအဝေးက နှင်းတွေကျဆဲပဲ ... ဒီအချိန်တွေဆို သူရောက်လာ ...”

မျိုးကြီးရဲ့အသံက လွင့်ပျံ့လို့ ...။ တယောက်ကမေးလိုက်တယ်။ မယုံမရဲနဲ့ “ဟုတ်ရဲ့လားဟာ” တဲ့။ ကျမက “သေချာပါတယ်ဟ” လို့သာ ပြန်ဖြေရ ... စိတ်ကတော့ သိပ်မယုံရဲသေးဘူး။

ဟုတ်တယ်လေ။ ဘယ်သူက ယုံပါ့မလဲ။ အဲဒီအချိန်မှာ နာမည်အလွန်ကို ကြီးနေပြီဖြစ်တဲ့ အဆိုတော်လေးဖြူနဲ့ ချိန်းထားတယ်။ ဘယ်နားမှာလဲ ဆိုတော့ ကျောက်တန်းလှေဆိပ်မှာ။ ကျမပြောတာကို ယုံပြီးလိုက်လာတဲ့ ကောင်တွေ မယုံတာ မလွန်ဘူး မဟုတ်လား။ ကျမ အဲဒီမနက်ခင်းက ကိုလေးဖြူနဲ့ တကယ်ကို ဖုန်းပြောခဲ့တာပါ။ ကိုလေးဖြူကလည်း ကျောက်တန်းကို ဆွေမျိုးတွေ (သူပြောပြောနေကျ ဆွေမျိုးတွေ ဟုတ် မဟုတ်တော့ မသိ) ပို့စရာရှိလို့ “ညည်းကသန်လျင်ကဆိုတော့ အဲဒီလာခဲ့ပါလား” လို့ တကယ်ကို ပြောခဲ့တာပါ။ နိုင်ငံကျော် ရော့ကာကြီးက နောက်မယ်တော့ မထင်ပါဘူးလေ။

လှေဆိပ်တော့ရောက်ပြီ ...။ ကြည့်လိုက်တော့ ကျားထိုးနေကြတဲ့ လှေသမားတွေ ....။ ကွမ်းတပြစ်ပြစ်နဲ့ ... ဘယ်မှာလဲ လေးဖြူ ...။ တယောက်ကပြောလိုက်တယ်။ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့ လူတယောက်ကို လက်ညှိုးထိုးရင်း ... “ဟေ့ အဲဒါလေးဖြူမဟုတ်လား” တဲ့။ ကျမက “မဖြစ်နိုင်ပါဘူးဟာ” လို့ ပြန်ပြောလိုက် ရတယ်။ နောက်ကျောပဲမြင်ရတဲ့ အဲဒီလူက လှေသမားတွေနဲ့ ကျားဝင်ထိုးနေတာလေ ... ပြီးတော့ ကွမ်းကလည်း တပြစ်ပြစ်။ ဒါပေမယ့် သူနောက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကျမတို့အားလုံး တပြိုင်တည်း “ကိုလေးဖြူ” လို့ အော်လိုက်မိကြတယ်။ သူက ကွမ်းချေးတက်နေတဲ့ သွားတွေပေါ်အောင် ရယ်ရင်းက “ရောက်ကြပြီလား” လို့ လှမ်းပြောတယ် ...။

၂၀၀၀ ပြည့်နှစ်ကိုဝင်ခါစ ...။ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးယောက်ရဲ့ ရာစုသစ် အခွေ ထွက်ခါစ...။ လူငယ်တွေ ပါးစပ်ဖျားမှာ၊ လက်ဘက်ရည်ဆိုင်တွေမှာ ရာစုသစ် ... ရာစုသစ် ဆိုပြီး ဖြစ်နေတဲ့ကာလပါ။ အဲဒီတုန်းက အဆိုတော်လေးဖြူကို မဂ္ဂဇင်းတစောင်က အင်တာဗျူး လုပ်ပါတယ်။ အဲဒီအင်တာဗျူးက စဖွင့်ကတည်းက အင်တာဗျူးနဲ့မတူဘဲ ရန်ဖြစ်နေသလိုဖြစ်နေတာ တွေ့ရတယ် ... ။

အင်တာဗျူးလုပ်တဲ့သူဆိုတာ အိမ်စာလုပ်ရပါတယ်။ ဆိုလိုတာက ကိုယ်ဗျူးမယ့်သူရဲ့ အကြောင်းနဲ့ ဗျူးမယ့် အကြောင်းအရာကို နှံ့နှံ့စပ်စပ် မဟုတ်တောင် ခြုံငုံပြီး သိနေရပါမယ်။ ဒါပေမယ့် ကိုလေးဖြူကိုအင်တာဗျူး သူတွေက ကိုလေးဖြူ အခွေဘယ်နှခွေ ထွက်ထားသလဲ ဆိုတာတောင် မလေ့လာခဲ့ပါဘူး (မသိဘူးလို့ ကျမ မသုံးဘူးနော်)။ နောက် ဂီတသမား၊ ရော့ကာကိုဗျူးတာဖြစ်တဲ့အတွက် ဂီတအကြောင်း၊ ရော့ခ်မြူးဇစ်အကြောင်း ကို နည်းနည်းတော့လေ့လာခဲ့ရပါမယ်။ သူတို့ မလေ့လာသွားဘူး။

အဲဒီမှာ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုလေးဖြူကလည်း စကတည်းက ဟိုဘက်ကမေးတဲ့ မေးခွန်း “ကိုလေးဖြူက ခု အခွေ ၂ ခွေ ထွက်ပြီးပြီ နော်” လို့ ဆိုလိုက်တာနဲ့ ဘာပြန်ပြောလဲဆိုတော့ “ခင်ဗျားတို့ ကျနော့် ကို အင်တာဗျူးလုပ်မယ်ဆိုရင် ကျနော့်အကြောင်းကိုတော့ နည်းနည်း လေ့လာထားသင့်တယ်” ဆိုပြီး ပြောလိုက် ပါတယ်။ အဲဒါကို ဗျူးသူများကလည်း အဲဒီအတိုင်း မဂ္ဂဇင်းထဲမှာ ရေးပါတယ်။ ဆက်ပြီး မေးတဲ့သူနဲ့ ဖြေတဲ့သူ ပြောသမျှတွေကို မဂ္ဂဇင်းက မခြွင်းမချန် ရေးပါတယ်။ ကိုလေးဖြူက မျက်နှာပေးကဘယ်လို...။ ကွမ်းတံတွေးကို ဘယ်လို ပြစ်ကနည်း ထွေးပြီှးမှ ဖြေတာ ဆိုတာကအစ ပေါ့ ....(ပရိသတ် အမြင်မကပ် ကပ်အောင် ရေးတာပါ)

ဟိုကမေးသမျှတွေက အဆီအငေါ်မတည့်လေ ကိုလေးဖြူကလည်း ထောင်ချောက်မှန်းမသိ ဘုတောလေ။ အဲလို ဘုတောသမျှကို မဂ္ဂဇင်းကထည့်လေ၊ ပွဲကဆူလေပေါ့။ အဲဒီအင်တာဗျူးကို ဖတ်တဲ့အချိန်မှာ ကျမစိတ်ထဲက မတရားသလို ခံစားရတယ်။ အဲဒါကျမက လေးဖြူ ပရိသတ်မို့လို့ရယ် မဟုတ်ဘူးနော် ... ကိုလေးဖြူ ပရိသတ် မဟုတ်လည်း အဲလိုပဲ ခံစားရမှာပဲ (သူ့ပရိသတ်ဖြစ်နေတော့ ပိုတင်းတာပေါ့လေ)။ ကျမစိတ်ထဲ စာနယ်ဇင်း ဆရာ တွေက စာမျက်နှာ ငါတို့ပိုင်တယ်၊ အနုပညာရှင်ဆိုတာ ငါတို့ ကလောင်နဲ့ နှက်ရင် ခံရတာပဲ ဆိုတဲ့ ပုံစံနဲ့ အနိုင်ကျင့်နေသလို ခံစားရတယ် ....။

ကျမက အဲဒီအချိန်က စာနယ်ဇင်းလောကကို ခြေချခါစ ဂျာနယ်လစ်ပေါက်စ ..။ ဒီလို တဘက်သက်လုပ်တာကို လုံးဝ မခံဘူးဟေ့ ဆိုတဲ့အချိန်။ ဘာမှလည်း သိပ်နားလည်တာမဟုတ်။ ပရိယာယ်တွေကိုလည်း မသိ။ ကျမ အတွေးက ကိုလေးဖြူ အနေနဲ့လည်း ဖြေရှင်းခွင့် ရသင့်တယ် ..။ သူ့ကို တဘက်သက် အားလုံးက (စာဖတ် သူတွေကပါ) ရိုင်းတယ်လို့ ထင်နေတာကို အဲလိုမဟုတ်ပါဘူး ဆိုတာ သိအောင် ကျမ ဖော်ထုတ်ချင်တယ်။ အဲဒီအင်တာဗျူးကို ဖတ်ပြီးတော့ ကိုလေးဖြူမရိုင်းဘူး ဆိုတာ ကျမခံစားသိနဲ့သိနေတယ်လေ။

ဒါနဲ့ပဲ ကျမရဲ့ အယ်ဒီတာချုပ်ဆီမှာ ခွင့်တောင်းတယ် (ကျမကအင်တာဗျူးဂျာနယ်မှာပါ)။ ကျမကို လေးဖြူနဲ့ အင်တာဗျူးလုပ်ခွင့်ပေးပါလို့။ အယ်ချုပ်ကလည်း ဗျူးပေါ့၊ ကြိုက်တာပေါ့၊ ကိုယ့်ဖာသာ ချိတ်ပေါ့။ အဲဒီမှာ အစ်မကြီး တယောက်ရဲ့ ကျေးဇူးနဲ့ စထရင်းဟိုတယ်မှာလုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ရှိုးကို ကျမ ကြည့်ခွင့် ရလိုက်တယ်။ အဲဒီမှာ ကိုလေးဖြူပါတယ်လေ။ အဲဒီအစ်မကြီးကျေးဇူးနဲ့ပဲ ကိုလေးဖြူနဲ့ တွေ့ရတယ်။ ကိုလေးဖြူက “အယ်ဒီတာဆိုလို့ အကြီးကြီးမှတ်တာ ပေါက်စလေးကိုး” လို့ စ တယ်။ မျက်နှာကလည်း ပြုံးရွှင်လို့။ အဲဒီမှာပဲ ကိုလေးဖြူကို လူတွေ အထင်လွဲနေကြတာ ဆိုတာပိုသေချာသွားပါတယ် (ဒီလောက်ခင်စရာ ကောင်းတဲ့ သူကိုများ ပေါ့လေ)။

ဒီလိုနဲ့ အင်တာဗျူးဖို့ ချိန်းထားတဲ့နေ့ရောက်တော့ ကိုလေးဖြူကပဲ ကျောက်တန်းလှေဆိပ်ကို လာပါလားလို့ ကျမကိုချိန်းတာနဲ့ သူငယ်ချင်းတွေပါ ခေါ်ပြီး သူ့ကို အင်တာဗျူးလုပ်ဖြစ်ပါတယ်။ သူ့ကို အင်တာဗျူး လုပ်ခဲ့တာတွေ အများကြီးပါ။ အင်တာဗျူးဆိုတာထက် စကားဝိုင်းလေးဆိုရင်တောင် ပိုမှန်မယ်ထင်တယ်။ ကျမ သူငယ်ချင်းတွေကလည်း လိုကယ်ပလေယာတွေ၊ ရော့ခ် မှ ရော့ခ်တွေ၊ လေးဖြူရူးတွေဆိုတော့ ပွဲက ကောင်းရောပဲ။ ကိုလေးဖြူ ကလည်း သူ့ကို တခုတ်တရ ဖြေရှင်းခွင့်ပေးတဲ့အတွက် တော်တော်လေး ပျော်သွားပုံရတယ်။

ဖြေရှင်းခွင့်ပေးတယ် ဆိုတာထက် သူ ထောင်ချောက်ထဲ ကျခဲ့တာပါ ဆိုတာ လူတွေ သိစေချင်တာပါ။ သူက ရိုးသားတယ်လေ။ ပရိယာယ်တွေလည်း နားမလည်ဘူး။ မဟုတ်တာကို ဒေါသထွက်ဖို့ပဲ သိခဲ့တာ (ခုတော့လည်း မြို့ကြီးသားတွေရဲ့ ပရိယာယ်တွေကို ကိုလေးဖြူ တော်တော်လေး နပ်လောက်ပါပြီ “သားကောင်” တောင် ဆိုပြီးမှပဲ။ ဒါတောင် သူ့ခမျာ တခါတခါ ထောင့်မကျိုးဘူး ပြောခံရသေးရဲ့ .. )။

အင်တာဗျူးတာကတော့ အများကြီးပဲ။ ဘာတွေပြောခဲ့လဲ ဆိုတာလည်း ၈ နှစ်တောင်ကြာခဲ့ပြီ ဆိုတော့ မမှတ်မိ တော့ဘူး။ ဒါပေမယ့် တခုမှတ်မိနေတာကတော့ ကျမတို့ထဲက တယောက်က ပြောလိုက်တယ် “ကိုလေးဖြူ စတိတ်ရှိုးတွေက အရမ်းဈေးကြီးတယ်။ တကယ်ကြည့်ချင်တဲ့ လူငယ်တွေ မကြည့်နိုင်ဘူး” တဲ့ (ကျမတို့ အားလုံး သူ့စတိတ်ရှိုးတွေ မကြည့်နိုင်ကြတာ အမှန်ပဲလေ)။ သူကပြန်ပြောတယ်။ “ကျနော်လည်း လမ်းဘေးအုတ်ခုံမှာ ခင်ဗျားတို့နဲ့ အတူ ဂစ်တာတီး သီချင်းအော်ဆိုပြချင်တာပေါ့ဗျာ။ အဲလိုမှ လုပ်လို့ မရတော့တာ” တဲ့။ သူ့ပုံက တကယ် လုပ်လို့ရရင်လုပ်မယ် ဆိုတဲ့ပုံ ...။

နောက်တခုက ကျမကမေးမိတာ “ကိုလေးဖြူ မြန်မာ အဆိုတော်ထဲမှာ ဘယ်သူ့ကို အားအကျဆုံးလဲ” ဆိုတော့ သူက တွံတေးသိန်းတန်တဲ့ ဘာလို့လဲဆိုတော့ သူက “ကျနော်တို့ ငယ်ငယ်က အင်းထဲမှာ ပွဲလုပ်ရင် သူနှစ်တိုင်း လာတယ်။ အဲလိုလာရင် တနှစ်ကို မိန်းမ တယောက်နဲ့ဗျ။ အဲဒါကို အားကျတာ” လို့ ပြန်ပြောပါတယ်။ အဲဒါက သူ နောက်ပြီးပြောတာပါ။ တွံတေးသိန်းတန်ကို စော်ကားတာလည်း မဟုတ်ပါဘူး။ စာမျက်နှာပေါ်တင်ဖို့ မဟုတ်ဘဲ ကျမတို့ကို သက်သက် နောက်တဲ့သဘောပါ (off the record) လို့ မပြောပေမယ့် ဒါဟာ သူသက်သက် နောက်တယ် ဆိုတာသိပြီး ကျမ စာမျက်နှာပေါ် မတင်ပါဘူး(ခုတော့ကွန်ပျူတာ ဖန်သားပြင်ပေါ်တင်လိုက်ပြီ :P)

တခြားမေးခွန်းတွေကတော့ သူနဲ့ မဂ္ဂဇင်းဆရာမများ ဖြစ်ကြတဲ့ကိစ္စကလွဲရင် ဂီတ အကြောင်းတွေချည်းပါပဲ။ ကျမတို့ သူနဲ့ တဝကြီး စကားတွေ ပြောလိုက်ရပါတယ်။ ဘာပကာသနမှမရှိတဲ့သူနဲ့ လေးဖြူမှန်းတောင် မသိတဲ့ လူတွေကြားမှာ ခပ်တည်တည်နဲ့ ဝိုင်းထိုင်ပြီး ကျမတို့ စကားပြောခဲ့ကြပါတယ်။ လှေဆိပ်က အုတ်ဘောင် လေးမှာ သူနဲ့ ကျမသူငယ်ချင်းတွေနဲ့ ကွမ်းတွေ သူ့ဆီကယူစားလိုက် ကိုယ့်ဆီက ယူစားလိုက် လုပ်ရင်းပြောခဲ့တဲ့ အဲဒီ စကားဝိုင်းလေးကို ဘယ်တော့မှ မမေ့ပါဘူး။ ပြီးမှ ဓာတ်ပုံဆရာက ဓာတ်ပုံတွေရိုက်တော့ လှေသမားတွေ တအံ့ တသြကြည့်ကြပါတယ်။

အဲဒီတုန်းက လေးဖြူဆိုတဲ့ နာမည်နဲ့ပတ်သက်လို့ ကျမမေးခဲ့သေးတယ်။ တချို့က အဲဒါ “၄ ဖြူ” (NO. 4) လို့ ပြောကြလို့ပါ။ ဟုတ်တယ် ဆိုလည်း ကျမစာမျက်နှာပေါ်မတင်ဘူးပေါ့ .. အဲလိုသဘောနဲ့မေးတာကို သူက ဖြေပါတယ် “ကျနော်တို့ မောင်နှမတွေထဲမှာ ကျနော်က တော်တော်ဖြူတာဗျ..။ အငဲဆိုလည်း တွေ့တဲ့အတိုင်း :P .... အဲဒါကြောင့် ကျနော့် အစ်မတွေက ကျနော့်ကို မောင်လေးဖြူ၊ မောင်လေးဖြူ လို့ ခေါ်ကြတယ်။ အဲဒီနာမည်ကို ယူတာပါ” တဲ့။ သူ့နာမည်အရင်းတော့ ပြောတယ်။ ကျမမေ့သွားပြီ .. နာမည်ရင်းနဲ့ ပတ်သက်လို့ သူပြောတာ တခု တော့ မှတ်မိတယ်။ “ကျနော်တို့ ညီအစ်ကိုတွေ နာမည်က ဇာတ်မင်းသားနာမည်တွေနဲ့ တူတယ်” တဲ့။ နံပတ်ဖိုးကို ယူထားတာသာမှန်ရင် သူ့သားနဲ့ သမီးနာမည်က တိမ်လေးဖြူတို့ ဆောင်းလေးဖြူတို့ ဘယ်မှည့်ပါ့မလဲ ... နော်။

ဒီအင်တာဗျူးကိစ္စကို အစပြန်ဖော်တာ ကျမ ချေးချောက်ရေနှူးတာမဟုတ်ပါဘူး။ မဂ္ဂဇင်းဆရာမများနဲ့လည်း နောင်တချိန်မှာ ညီအစ်မအရင်းတွေလို ခင်ခဲ့ကြပါတယ်။ ခုလည်း ခင်မင်ဆဲပါ။ အဲဒီတုန်းက ဂျာနယ်လစ်ပေါက်စ ဆိုတော့ ဖွတယ်ဆိုတာ ကျမက နားမှမလည်ဘဲကိုး။ နောက်မှ ကျမပါ ဝင်ဖွသူဖြစ်ခဲ့မှန်းသိခဲ့ရတယ်။ လေးဖြူနဲ့ စကားပြောခွင့်ရခဲ့တာကို ကျမ ခုချိန်ထိ ကျေနပ်နေတုန်းပဲ။ ကျမလုပ်နိုင်တာတခုကို လုပ်ပေးလိုက်ရလို့ ပျော်တယ်။ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ သေးသေးလေးပါ။ တချို့လည်း ကိုလေးဖြူကို ခုချိန်ထိ ရိုင်းတယ် ထင်နေကြတုန်းပဲ။ တကယ်က သူက ရိုင်းတာမဟုတ်ပါဘူး။ ရိုးတာပါ။ ပြီးတော့ သူ့ရဲ့ ပရော်ဖက်ရှင်ကို သူ တန်ဖိုး ထားတာ၊ လေးစားတာပါ။ အဲလိုပဲ ကျမထင်တယ်။

နောက်ပိုင်း စာနယ်ဇင်းပါးဝလာတော့ အိုင်စီ စတိတ်ရှိုးတွေ (လက်မှတ်အလကားရလို့) ကြည့်ရတော့ သူ့ကို လူတွေ ဘယ်လောက် တောင့်တတယ် ဆိုတာ တွေ့လာရတယ်။ စထရင်းဟိုတယ်မှာ လုပ်တဲ့ ပွဲတုန်းက သူမပါပေမယ့် လက်မှတ်တွေ မှောင်ခိုဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်အဆိုတော် တက်လာ တက်လာ ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကလွှမ်းနေတာပါ။ အဲဒီပွဲမှာ ကိုအငဲက ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကိုကြားတော့ သီချင်းနောက်တပုဒ် မကူးခင်မှာ “သူလည်း ဆိုချင်တာပေါ့ဗျာ ..” လို့ ထိထိ ခိုက်ခိုက် ပြောသွားပါတယ်။

သူဘာကြောင့် ရှိုးပွဲမဆိုလဲဆိုတဲ့ကိစ္စက ဗားရှင်းအမျိုးမျိုး ကြားနေရတယ်။ ဘယ်ဟာ အမှန်လည်းတော့ ကျမလည်း မသိပါဘူး။ သူကိုယ်တိုင်က ဖွင့်ပြောမှပဲ သိရမှာပါ။ ဒါပေမယ့် နာဂစ် ရန်ပုံငွေပွဲမှာ သူ ... အိုင်စီနဲ့ အတူ ပရိသတ်အတွက် အကောင်းဆုံး လုပ်ပြခဲ့တာပဲ မဟုတ်လား။ ပရိသတ်အပေါ် မာနကြီးတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ကျမရဲ့ လှေဆိပ်အင်တာဗျူးကို အစပြန်ကောက်ရရင် ကိုလေးဖြူရဲ့ ဆွေတွေမျိုးတွေ လှေနဲ့ ဒီဘက်ကမ်း ပြန်ရောက်ချိန်မှာ စကားဝိုင်းလေး အဆုံးသတ်တယ် ဆိုပါတော့။ အဲဒီနေ့ပဲ ကျမရဲ့ တိုက်ကို အပြေးသွားရောက် သွား ... အယ်ဒီတာချုပ်နဲ့ အဖွဲ့ကို လေးဖြူအင်တာဗျူးရပြီ ... ရေးမယ် ဆိုတော့ ... သူတို့က ကျမကို တခြား ကမ္ဘာက ဂြိုဟ်သားလို ကြည့်ကြပါတယ်။ အယ်ချုပ်ကပဲ “ ... နင် ဘာမှ မဖြစ်ဘူးနော်” တဲ့။ နောက် တယောက် က “နင့်ကို လေးဖြူက ရိုက်လွှတ်ပြီထင်နေတာ။ ငါတို့ စိုးရိမ်နေကြတာ” တဲ့ ပြောပုံကို ကြည့်ပါဦး။ ကျမတောင် ကြောင်သွားတယ်။ ကိုလေးဖြူကို အတော်များများက အဲလိုထင်နေခဲ့ကြတာပါ။ အဲဒီ ကျမနဲ့ အင်တာဗျူးကို ဂျာနယ်မှာ ထည့်လိုက်တော့ ပွဲဆူသွားသေးတယ်။ ကျမက စာနယ်ဇင်းသမား ချင်းချင်း ဘက်က မလိုက်ဘဲ အဆိုတော်ဘက်က လိုက်တယ်ဆိုမျိုးတွေလည်း ကြားရတယ်။ တကယ်က ကျမက မဟုတ်တာကို မဟုတ်ကြောင်း ဖွင့်ချရုံလေးပါ။

ကျမရဲ့ စာနယ်ဇင်းသက်တမ်းမှာ အဆိုတော် ၂ ယောက်ကိုပဲ သေချာဗျူးဖူးတယ်။ အဲဒါက ကိုလေးဖြူနဲ့ မျိုးကြီးပါ။ ဇော်ဝင်းထွတ်ကတော့ သူများဗျူးရင်း ပါသွားတာဆိုတော့ ကျမကိုယ်တိုင် ဗျူးတဲ့ စာရင်းထဲ မထည့်တော့ဘူး။ မျိုးကြီးကို အင်တာဗျူးတာကတော့ သိပ်ထွေထွေ ထူးထူး မရှိလှဘူး။ သူဖြေသမျှ “ကိုလေး” ဆိုတဲ့ နာမည်မှ မလွတ်ဘဲ။ ညီတယောက်က အစ်ကိုတယောက်ကို အားကိုးသလို ဘာမေးမေး “ကိုလေး လုပ်ပေးတာ” ဆိုတာချည်းပဲ။ ပိုစတာက အစ၊ စတိတ်ရှိုးမှာ သီချင်းရွေးတာအဆုံးပေါ့။ စိတ်ပေါက်ပေါက်နဲ့ ဒီအင်တာဗျူးကိုလည်း ကိုလေးပဲ ဖြေခိုင်းပါလားလို့ ပြောမိတော့မလို့ :D ။ ဒါပေမယ့် သူအဲလိုဖြေတာကိုက ကိုလေးဖြူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ကျမဖြင့် သဘောကျလို့ မဆုံးဘဲ ...။

ဒါပါပဲ။ ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းရှိတဲ့ ရော့ကာကြီး တယောက်အကြောင်း ကျမကြုံခဲ့တာလေးတွေနဲ့ ရောပြီး ဖောက်သည်ချတဲ့ သဘောပါ။ ရော့ခ်ကိုချစ်တဲ့ သူတွေအားလုံးရဲ့ ရင်းနှီးခင်မင်ရတဲ့ အစ်ကိုကြီးတယောက်နဲ့ ခဏတာ ဆုံဖြစ်တဲ့ အကြောင်းပေါ့။

ပရိသတ်ဆိုတာက သူတို့ကိုစော်ကားတဲ့ အနုပညာရှင်ကို ဒဏ်ခတ်တတ်ပါတယ်။ ရိုးတာနဲ့ ရိုင်းတာ မကွဲပြားသူတွေကတော့ ဒီနေ့ထိ ရှိုးတိုင်းမှာ “လေးဖြူ ... လေးဖြူ” လို့ အော်ဟစ်တောင်းဆိုနေတာ ဘာကြောင့်ပါလိမ့်လို့ အံ့သြနေမလားပဲ .... ။